ကချင်ပြည်နယ် အထူးဒေသ (၁) စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

ပုံအညွှန်း- NDA-K ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်း

ပုံအညွှန်း- NDA-K ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်း

အဂမ်ရေးသားသည်

ကချင်ပြည်နယ်တွင်း KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား စခန်းသိမ်းတိုက်ပွဲများ၊ တိုက်ပွဲကြီးများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်အထူးဒေသ(၁) တွင် မိနစ်ပိုင်းမျှသာကြာသည့် တိုက်ပွဲငယ်များဖြစ်ပွားနေသည်။

လက်ရှိတွင် ကချင် ပြည်နယ်အထူးဒေသ(၁)ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီလက်အောက်ခံ NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက ၎င်း၏ တပ်သားများကို စစ်မိန့်ပေးကာ တပ်လှန့်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က “ စစ်မိန့်ပေးခြင်း” ခေါင်းစဥ်ဖြင့် ဦးဇခုန်တိန့်ယိန်း လက်မှတ်ပါဝင်သည့် ကြေညာစာတွင် နယ်ခြားစောင့်တပ် (၁၀၀၁) ၊ (၁၀၀၂) နှင့် (၁၀၀၃)မှ တပ်ဖွဲ့မှူးများနှင့် ပြည်သူ့စစ်ရဲဘော်များအား KIAနှင့် PDF များကို ခုခံစစ်ဆင်နွှဲရန် အမိန့်ပေးထားသည်။

ကချင် ပြည်နယ်အထူးဒေသ(၁)တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်သည်။

အမည်မဖော်လိုသူ ကချင်နိုင်ငံရေးသုတေသီတဦးက ” ဒါဟာ ကချင်အထူးဒေသအတွက်ပဲလို့ ခွဲမြင်တယ်။ ကချင်တခုလုံးအတွက်မဟုတ်ဘူး။ ဒေသတွင်းမှာ မငြိမ်းချမ်းလာရင် သာယာငြိမ်းချမ်းနေတဲ့သူ တို့ရဲ့အနေအထားတွေ ပျက်စီးသွားလိမ့်မယ်။ဒါကိုစိုးရိမ်နေတာ။” ဟု သုံးသပ်သည်။

ထိုစစ်မိန့်ထုတ်ပြန်ပြီး ငါးရက်အကြာ ဇွန်လ ၁၂ ရက်တွင် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်က ဝိုင်းမော် – ကန်ပိုင်တည်နယ်စပ်ဆက်သွယ်ရေးလမ်းကြောပေါ်ရှိ ဆဒုံးဗျုဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီစခန်း ၁၁ ခုနှင့် ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် – ချီဖွေသွားလမ်းပေါ်မှ ဆနီခူးပြည်သူ့စစ်စခန်း နှစ် သိမ်းပိုက်လိုက်သည်။

ပြီးခဲ့သည့် မေ ၂၈ ရက်ကလည်း NDA-K ဌာနချုပ်ရုံးစိုက်ရာ ပန်ဝါမြို့တွင် သူလျှိုများရှိနေနိုင်သဖြင့် မြို့ပေါ်ရှိ KTV များနှင့် Bar ဆိုင်များကို မေ ၂၉ ရက်မှစတင်ကာ ပိတ်သိမ်းထားရမည်ဟု ဖော်ပြထားသေးသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကချင် ပြည်နယ်အထူးဒေသ (၁) ဌာန ချုပ်ရုံးကို ဖုန်းဆက်မေးရာတွင် ဖုန်းလက်ခံသူက ” ဒီကိစ္စက ပြောစရာမရှိဘူး ” ဟု ဆိုသည်။

ပုံအညွှန်း- ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ NDA-K ခေါင်းဆောင်သစ် ဦးဇခုန်ယိန်းဆောင်

ကချင် ပြည်နယ်အထူးဒေသ (၁) တွင် ၁၉၆၀ ခုနှစ် မှ ၁၉၇၀ ခုနှစ်အကြား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA ) လှုပ်ရှားစိုးမိုးခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် ဦးဇခုန်တိန့်ယိန်းက ၎င်း၏နောက်လိုက်များနှင့် KIAမှ ခွဲထွက်လာပြီးနောက်ပိုင်း ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့အမည်ဖြင့် ဗကပနှင့်ပူးပေါင်းကာ ၁၉၈၉ ခုနှစ်များအထိ ထိုဒေသတွင် စစ်ရေးလှုပ်ရှားခဲ့၍ ထိုဒေသသည် ဗကပ ( ၁၀၁ ) ၏ စစ်ဒေသ ဖြစ်ခဲ့သည်။

ထိုအချိန်က ဦးဇခုန်တိန့်ယိန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏ ၁၀၁ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပပြိုကွဲပြီးနောက် ၎င်းထိန်းချုပ်ထားသည့် ဝိုင်းမော်မြို့နယ်ရှိ အချို့ဒေသများနှင့် ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်ဒေသများကို ကချင်အထူးဒေသ (၁) အဖြစ် ယခင် စစ်အစိုးရက သတ်မှတ်ပေးခဲ့ သည်။

ဦးဇခုန်တိန့်ယိန်းသည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့သည်။

ဦးဇခုန်တိန့်ယိန်း၏ အမိန့်စာတွင် “ကျွန်တော်တို့ ဒေသကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေ မှုန်းကြရမည်။ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ။ ရှေ့ နောက်ပိတ်ပြီးတိုက်ခိုက်ချေမှုန်းကြပါ၊ ပြန်လည်ထွက်သွားခွင့် မပေးကြပါနှင့်” ဟု ရေးသားထားပြီး စာ၏ အ ဆုံးတွင် “ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးပါသည်” ဟု ရေး သားထားကာ လက်မှတ်ရေးထိုးထားသည်။

ပုံအညွှန်း- ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ NDA-K ခေါင်းဆောင်သစ် ဦးဇခုန်ယိန်းဆောင်

သို့သော် ကချင်နိုင်ငံရေးသုတေသီတဦးက ” တကယ်မတိုက်လောက်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့လို့ မင်နဲ့ မောင်းနဲ့တော့ ဟိန်းပြကြရမယ်လေ။ မဟုတ်ရင် သူအမှီပြုနေတဲ့သူတွေ စိတ်ခုသွားမှာပေါ့။ နောက်ပြီး သူ့လူတွေ စစ်မတိုက်တာကြာနေပြီ။ စစ်တိုက်တတ်တဲ့သူတွေလည်း နည်းသွားလောက်ပြီ။ မရှိလောက်တော့ဘူး။ တချို့က ပြောနေကြတယ်။ တရုတ်ကြီးက ပန်ဝါကသူ့စီးပွားရေး မထိခိုက်ရအောင်လို့ သူတို့ကို လက်နက် အင်အားဖြည့်ထားပေးနေတယ်ပေါ့။ ဒါက မဖြစ်နိုင်ဘူး။ တရုတ်က ဘယ်သူနယ်မြေစိုးမိုးနေပါစေ သူ့စီးပွားရေးကို သူလုပ်တတ်တဲ့ လူမျိုးဖြစ်တယ်။ ” ဟု သုံးသပ်သည်။

ဦးဇခုန်တိန့်ယိန်းသည် KIO အကြောင်း သေချာသိသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်၍ ၎င်းကို လျော့တွက်လို့မရသေးကြောင်း ကချင်သတင်းရင်းမြစ်တဦးက ဆိုသည်။

” KIO ကလည်း အဲ့နေရာကို သက်သက်လိုက် မလုပ်လောက်ဘူး။ နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တို့က ဒီအချိန် KIA အတွက် အဲ့လောက် အရေးမကြီးသေးဘူး။ လုံးဝအရေးမကြီးတာတော့ မဟုတ်ဘူးပါဘူးနော်။ မံစီတို့ ဗန်းမော်တို့တောင် KIA က ကောင်း ကောင်းတောင်မသိမ်းသေးဘူးလေနော်။ အဲ့တော့ ဒီအခြေအနေမှာ နယ်ခြားစောင့်တပ်ကို သွားထိတာက အလုပ်မဟုတ်ဘူး။ သွားထိလိုက်ရင် ဦးဇခုန်ရဲ့ နဖူးကို ရိုက်လိုက်ရုံသက်သက်ပဲရှိမယ်။ ဘိုးတော်က အသက်သာကြီးသေးတာ ဇကကျန်သေးတယ်။ လျော့တွက်လို့မရသေးဘူး။ အခုစာထွက်လာတာပဲကြည့်လေ။ သူ့နောက်မှာ မမြင်ရသေးတဲ့ အ သက်ငယ်ငယ်လေး အဖွဲ့တွေ ရှိသေးတယ်။ သတ္ထုတွင်းမှာ သူ့လူတွေကျန်သေးတယ်။ ” ဟု အခြားသုတေသီတဦးက ဆိုသည်။

ပုံအညွှန်း- ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ NDA-K ခေါင်းဆောင်သစ် ဦးဇခုန်ယိန်းဆောင်

ဦးဇခုန်တိန့်ယိန်းသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် အသက် အရွယ်နှင့် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ၎င်း၏ သား ဦးဇခုန်ယိန်းဆောင်ကို NDA – K တပ်ဖွဲ့၏ ဥက္ကဌ စစ်ခေါင်းဆောင်သစ် တဦးအဖြစ် ဦးဆောင်စေခဲ့ပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဒီမိုကရေစီပါတီသစ် (ကချင်) အမည်ရှိသော နိုင်ငံရေးပါတီတစ်ခုကို တည်ထောင်ခဲ့ပြီး ဦးဇခုန်တိန့်ယိန်းက နာယကအဖြစ် တာဝန်ယူကာ ၎င်း၏ သား ဦးဇခုန်ယိန်းဆောင် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ထားသေးသည်။

လက်ရှိ စစ်ကောင်စီခန် ကချင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့၏ သံယဇာတဝန်ကြီးနေရာတွင်ဒီမိုကရေစီပါတီသစ် ( ကချင် ) ၏ အတွင်းရေး မှူးဖြစ်သူ ဦးမန်ရှန်တိန့်ဆောင်က နေရာရယူထားသည်။ ဦးမန်ရှန်တိန့်ဆောင်သည် ဒီမိုကရေစီပါတီသစ် (ကချင်) အတွင်းရေးမှူးလည်းဖြစ်သည်။

စစ်ကောင်စီတပ်အလိုကျ နေထိုင်လေ့ရှိသည့် ဦးဇခုန်တိန့်ယိန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်အတွင်း ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး