စစ်ကောင်စီတပ်မှ ရွာမီးရှို့ခြင်းကို PDF များပြုလုပ်သယောင် ရုပ်သံဖိုင်ဖြင့် ဖြန့်ဝေ

ZZ

(မဇ္ဈိမ) ။ ။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ရွာကို မီးရှို့ပြီး ပျော်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တခု ပျံ့နှံ့နေပါတယ်။

သတင်းစောင့်ဖတ်သူ နှစ်သောင်းကျော်ရှိနေတဲ့ “Truth Media” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ မေလ ၂၁ ရက်နေ့မှာ အိမ်တချို့ မီးလောင်နေတဲ့ ရွာထဲကို ဝင်လာတဲ့ စစ်ဝတ်စုံဝတ် တပ်သားတွေပါဝင်တဲ့ ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားပါတယ်။
ရုပ်သံဖိုင်နဲ့အတူ “ဗမား PDF ရွာတွေဝင်မီးတိုက်ပြာချ၊ ပြီးရင်သီချင်းလေးတညီးညီးဆိုပြပီးပျော်နေသေးတာ။ ဗမားPDFတွေပြည်သူတွေကိုအရွဲတိုက်ပြနေတာကိုယ့်အိမ်ကိုယ့်ယာ၊ကိုယ်ရွာမဟုတ်တော့အောင်ကိုအောင်နေပီလုပ်၊တပ်ကိုထိုးချလွှချနေအူးမှာသိပ်သေချာလိမ့်မယ်”လို့ (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ယူနီဖောင်းမပါဘဲ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်လူတစ်စု လမ်းလျှောက်လာနေကြပြီး သီချင်းဆိုတဲ့သူကဆို ဗီဒီယိုရိုက်တဲ့သူကရိုက်နဲ့ ဘေးပတ်ဝန်းကျင်မှာလည်း မီးလောင်နေတဲ့ အိမ်တွေကို တွေ့ရပြီး ၂၂ စက္ကန့် ကြာမြင့်ပါတယ်။

ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူ ၆,၀၀၀ကျော်ရှိပြီး “Ye’ Ba Nyein” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်နဲ့ “Snow Queen” အမည်နဲ့ တယ်လီဂရမ် ဂရုကနေလည်း ပြန်လည်ဖြန့်ဝေထားကြပြီး ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေပါတယ်။

ဒီရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး မဇ္ဈိမက အချက်အလက် စစ်ဆေးခဲ့ပါတယ်။
ရုပ်သံဖိုင်အစ တစက္ကန့်မှာပဲ ရုပ်သံရိုက်ကူးနေသူဘေးက အင်္ကျီအဖြူနဲ့ဖြတ်သွားတဲ့သူ လွယ်ထားတဲ့လက်နက်ကိုကြည့်ရအောင်ပါ။ ဒီသေနတ်ဒင်မှာ အနီနဲ့ အစိမ်းရောင် ပါဝင်ပြီးစာသားအချို့လည်း ပါဝင်ပါတယ်။
ဒီ အနီနဲ့အစိမ်းရောင်ပါတဲ့ သေနတ်တွေဟာ စစ်ကောင်စီက ထုတ်လုပ်တဲ့လက်နက်ဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေသုံးတဲ့ လက်နက်ဖြစ်တဲ့အကြောင်း RFA ကဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာပါတဲ့ပုံနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ခဲ့ရာမှာတူညီနေတာကိုတွေ့ရပါတယ်။ လင့် – https://archive.ph/ZWI0s

နောက်တစ်ခုအနေနဲ့ ဗီဒီယိုဖိုင်ရဲ့ ၁၅ စက္ကန့် အကြာမှာ မြန်မာနိုင်ငံအလံတံဆိပ်ပါ ကျည်ကာဝတ်ဆင်ထားတဲ့ တပ်သားတစ်ယောက်ကို တွေ့ရပါတယ်။ ဒီကျည်ကာအင်္ကျီဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကျည်ကာ ဖြစ်တဲ့အကြောင်း ဘီဘီစီက ဖော်ပြခဲ့တဲ့ သတင်းတခုကပုံမှာ ရဲနှစ်ယောက် ဝတ်ဆင်ထားတဲ့ ကျည်ကာတွေကို ကြည့်ရင်သိနိုင်ပါတယ်။
အဲ့ဒီပုံထဲမှာ စစ်သားတဦး နောက်ပြန်လွယ်ထားတဲ့ သေနတ်မှာ အပေါ်က ပြောခဲ့တဲ့ တံဆိပ်ပါနေတာကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ လင့် – https://archive.ph/KSuvF

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသုံးတဲ့ ကျည်ကာတွေမှာ မြန်မာနိုင်ငံအလံမပါဘဲ တော်လှန်ရေးအလံကိုသာ အသုံးပြုတာကို NUG ကာကွယ်ရေးဝန်ကြီးဖေ့စ်ဘုတ်စာမျက်နှာမှာတွေ့နိုင်သလို သေနတ်တွေမှာလည်း အမှတ်တံဆိပ်လိုမျိုး တပ်ဆင်ပေးထားတာမရှိတာကို ပုံအချို့ကို ကြည့်ပြီးသိနိုင်ပါတယ်။

Truth Media ကဖြန့်ခဲ့တဲ့ပို့စ်မှာ မှတ်ချက်ပေးသူတစ်ဦးကတော့ စစ်တပ်ကလုပ်တာကို PDF ဆိုပြီး လွှဲချထားတာလို့ စခရင်ရှော့အချို့နဲ့ မှတ်ချက်ပြုထားပါတယ်။
သူ့မှတ်ချက်ပြုထားတဲ့ စခရင်ရှော့ တခုမှာတော့ စစ်သတင်းဆိုတဲ့ ချန်နယ်တစ်ခုကနေ ဒီရုပ်သံဖိုင်နဲ့ပဲ “ရွာရှည်မှာ PDF များကို မြန်မာ့တပ်မတော် ဝင်ရောက်ရှင်းလင်း” ဆိုတဲ့ စာသားနဲ့ ဖော်ပြထားတာ ကိုတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ သတင်းကို ရှာဖွေခဲ့ပေမယ့် မတွေ့ရပါဘူး။

ရွာရှည်ရွာကဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ရှာဖွေတဲ့အခါမှာတော့ မေလ ၁၇ ရက်နေ့မှာ မြင်းခြံမြို့နယ် ရွာရှည်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်စီးခဲ့တယ်ဆိုတဲ့ Myanmar Now သတင်းဌာနရဲ့ ဖော်ပြချက် ကိုတွေ့ရပါတယ်။ လင့် – https://archive.ph/9pCX8

မြင်းခြံ ရွာရှည်ရွာမှာ မေလ ၁၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး မေ ၁၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေ နဲ့ ထိုးစစ်ဆင်တဲ့အတွက် လက်နက်ခဲယမ်းမလုံလောက်လို့ နောက်ဆုတ်ပေးခဲ့ရတဲ့အချိန်မှာ ရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး ပစ္စည်းတွေယူပြီး မီးရှို့ခဲတာလို့ မြင်းခြံ Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္ဈိမကိုပြောပါတယ်။

ပိုပြီး တိကျတဲ့ အချက်အလက် တခုကတော့ “Drmyo Chit” ဆိုတဲ့ ဖေ့ဘုတ်အကောင့်ကနေ မေလ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင် သုံးဖိုင်ပါ။ ဒီရုပ်သံဖိုင်ထဲမှာ PDF တွေကို ဆဲဆိုပြီးသေနတ်နဲ့ လိုက်ပစ်နေတဲ့ ဖိုင်နဲ့အတူ ပစ္စည်းထုတ်တွေ သယ်နေတဲ့ ရုပ်သံဖိုင်ကိုလည်း ကြည်ကြည်လင်လင် တွေ့ရပါတယ်။

ဒါ့ကြောင့် ရွာလုံးကျွတ်မီးရှို့ပြီး အောင်ပွဲခံ သီချင်းဆိုနေတဲ့ ရုပ်သံဖိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကို မီးရှို့ပြီး ပစ္စည်းတွေသယ်သွားတာကို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
စစ်တပ်ထောက်ခံတဲ့ လော်ဘီတွေက ဒီရုပ်သံဖိုင်ကို PDFတွေက ကျူးလွန်တယ်လို့ ပုံဖော်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။

Misinformation_Buster

Fake_News

ရွာရှည်

မြင်းခြံ


မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U