တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်နဲ့ သဘောတူညီမှုရတယ်လို့ ဖိလစ်ပိုင် ပြော

AFP

ဖိလစ်ပိုင်နဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ “တင်းမာမှုတွေကို လျှော့ချဖို့” ဇူလိုင် ၂ ရက်မှာ သဘောတူညီလိုက်ကြတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းက အငြင်းပွားရေပြင်မှာ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်စဉ်တခု ဖြစ်ပြီးနောက် နှစ်နိုင်ငံအကြား ခုလို သဘောတူညီမှု ရတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ဟာ အပြင်းအထန် ယှဉ်ပြိုင်မှုတွေရှိတဲ့ ရေလမ်းကြောင်းမှာ ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်နက် အငြင်းပွားမှုတွေနဲ့ပတ်သက်တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတခု ရှိတယ် ဆိုပေမယ့် ပြီးခဲ့တဲ့လ ဖြစ်စဉ်ကတော့ အရှိန်မြင့်တက်နေတဲ့ ထိပ်တိုက်တွေ့မှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က Second Thomas သောင်ခုံဆီ ထောက်ပို့မစ်ရှင်တစ်ခု သွားတဲ့ ဖိလစ်ပိုင်ရေတပ်သင်္ဘောသုံးစင်းကို ဓားတွေ၊ တုတ်တွေနဲ့ ပုဆိန် ကိုင်ဆောင်ထားတဲ့ တရုတ်ကမ်းခြေစောင့်တပ်သားတွေက ဝိုင်းရံပြီး သင်္ဘောတွေပေါ် တက်ခဲ့ပါတယ်။

အဲဒီ ပဋိပက္ခမှာ ဖိလစ်ပိုင်စစ်သားတစ်ယောက် လက်ချောင်းတချောင်း ပြတ်ခဲ့သလို ဖြစ်စဉ်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ သေနတ်တွေ လုယူပြီး သင်္ဘောသုံးစင်းနဲ့ ရေကြောင်းသွားလာမှုနဲ့ ဆက်သွယ်ရေး ကိရိယာတွေကို ထိခိုက်ပျက်စီးအောင်လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲပါတယ်။

တရုတ်ဘက်ကတော့ သူတို့ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ “ပရော်ဖက်ရှင်နယ်ဆန်ဆန် ချုပ်ထိန်းတည်ငြိမ်တဲ့” နည်းလမ်းတရပ်နဲ့ ဆောင်ရွက်ခဲ့တာသာ ဖြစ်ကြောင်း အခိုင်အမာ ပြောပြီး ပဋိပက္ခဖြစ်မှုအတွက် ဖိလစ်ပိုင်အပေါ်ကိုသာ အပြစ်ပုံချခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ Second Thomas သောင်ခုံဧရိယာနဲ့ပတ်သက်လို့ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုကို ပိုမိုခိုင်မာစေဖို့အတွက် သောင်ခုံနားမှာ ၁၉၉၉ ခုနှစ်ကတည်းက စစ်သင်္ဘောတစင်းကို တမင်ကျောက်ချရပ်နားထားပြီး သံချေးတက်နေတဲ့ အဲဒီစစ်သင်္ဘောပေါ်မှာ ဖိလစ်ပိုင်စစ်သားအနည်းငယ်ကို တပ်ချထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး သီရီဆာ လာဇာရိုနဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ချန်ရှောင်ဒေါင်တို့ဟာ ဇူလိုင် ၂ ရက်နေ့က “ပွင့်ပွင့်လင်းလင်းရှိပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ” လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်တရပ်မှာ ပြောပါတယ်။

“သောင်ခုံနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးဟာ သူတို့ရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ကြတယ်။ ပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာ သဘောထားတွေကို မထိခိုက်စေဘဲနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ အတည်ပြုခဲ့ကြတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“တောင်တရုတ်ပင်လယ်မှာ ပြီးခဲ့တဲ့ကာလတွေအတွင်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ဂရုပြုမှတ်သားရင်းနဲ့ နှစ်ဖက်စလုံးဟာ ယုံကြည်မှုတွေ မူလအတိုင်း ပြန်ရစေဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့နဲ့ အကျိုးရှိတဲ့ ဆွေးနွေးဆက်ဆံမှုတွေကို ထောက်ကူပေးမယ့် အခြေအနေတွေ ဖန်တီးဖို့ လိုတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံခဲ့ကြပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “သိသာထင်ရှားတဲ့ အမြင်မတူမှုတွေက ဆက်ရှိနေဆဲ” လို့လည်း ထုတ်ပြန်ချက်မှာ ဖြည့်စွက်ပြောထားပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်ဒေသတခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး အဲဒီဒေသတွင်းမှာ ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့ ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင်ပြောဆိုမှုတွေကို လက်မခံ ပယ်ချထားပါတယ်။ တရုတ်ရဲ့ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုဟာ ဥပဒေဆိုင်ရာ အခြေခံ ရှိမနေဘူး ဆိုပြီး နိုင်ငံတကာ ခုံရုံးတခုက ဆုံးဖြတ်ချက်ချထားပါတယ်။

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွား ကျောက်တန်းတွေအနီး အရင်ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့မှုတွေတုန်းကလည်း ဖိလစ်ပိုင် ထောက်ပို့သင်္ဘောတွေနဲ့ အစောင့်အရှောက်ရေယာဉ်တွေကို တရုတ်တပ်ဖွဲ့တွေက မီးသတ်ပိုက်၊ စစ်ဘက်သုံးအဆင့် လေဆာတွေ သုံးပြီး ထိပ်တိုက်တွေ့တာ၊ ဝင်ဆောင့်တိုက်တာတွေ လုပ်ခဲ့ပါတယ်။

ဇွန်လ ၁၇ ရက် ဖြစ်စဉ်ကတော့ “မကြာသေးတဲ့ သမိုင်း” မှာ “အကြမ်းကြုတ်ဆုံး” ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ် ရွိုင်း ဗင်ဆန့် ထရီနီဒတ်က ဇူလိုင် ၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီကိစ္စကို မိမိတို့ ဘာကြောင့် ပြောဆိုရတာလဲ ဆိုတာကတော့ မရည်ရွယ်တဲ့ ဘယ်လိုအကျိုးဆက်တွေကိုမှ မဖြစ်စေချင်လို့ပါပဲ” လို့ ထရီနီဒတ်က သတင်းထောက်တွေကို ပြောပါတယ်။

“အခြေခံအားဖြင့်တော့ သူတို့ (တရုတ်) ရဲ့ လုပ်ဆောင်ချက်တွေဟာ တွက်ကိန်းမှားမယ့် အန္တရာယ်တွေကို မြင့်တက်စေပါတယ်” လို့ သူက ပြောသွားပါတယ်။