BIMSTEC အစည်းအဝေးသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်

Thai PBS
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)၏ (၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ မြန်မာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်လိမ့်မည်ဖြစ်ကြောင်း သံတမန်သတင်းရပ်ကွက်အရ သိရသည်။
စက်တင်ဘာ အစောပိုင်းတွင် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အခြားသော နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာတို့မှ ခေါင်းဆောင်များကလည်း ၎င်းတို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်းကို အတည်ပြုထားပြီးဖြစ်သည်ဟု အဆိုပါ သတင်းရင်းမြစ်အရ သိရသည်။
ယခင်နှစ်က ရွှေ့ဆိုင်းခဲ့ရသည့် ယခု အစည်းအဝေးသည် “ကြံ့ကြံ့ခိုင်သော ဒေသ၊ စည်ပင်ထွန်းကားသော စီးပွားရေး၊ ကျန်းမာသော ပြည်သူများ” ဆိုသည့် ‌အာဘော်ဖြင့် ကျင်းပမည်ဖြစ်သည်။
BIMSTES ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံသည် PRO BIMSTEC ဆောင်ပုဒ်ကို ချမှတ်ကျင့်သုံးပြီး ယင်းမှာ ကြွယ်ဝချမ်းသာမှု၊ ကြံ့ကြံ့ခိုင်မှုနှင့် ပွင့်လင်းမှုတို့ကို ကိုယ်စားပြုသည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး တိုးတက်မှုနှင့် အခြေခိုင်မြဲမှုများကို ဥက္ကဋ္ဌ ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။
အိန္ဒိယနိုင်ငံက BIMSECS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နယူးဒေလီ၌ ဇူလိုင် ၁၁ ရက်တွင် အိမ်ရှင်အဖြစ် ကျင်းပမည်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပြင် အနာဂတ် စီမံကိန်းများအရေးအတွက် အဖွဲ့ကြီး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘန်ကောက်နှင့် နယူးယောက်တွင် နှစ်ကြိမ်တိုင် ကျင်းပထားခဲ့သည်။
ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်၌ ထိုင်းနိုင်ငံသည် BIMSTEC ပဋိညာဉ်စာတမ်းအား လက်မှတ်ထိုးခြင်းနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု အထူးစီမံကိန်းအား ဖော်ဆောင်ခြင်းအားဖြင့် BIMSTEC အား အစိုးရချင်း ချိတ်ဆက်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် မြှင့်တင်ပေးခဲ့သည်။ ထိုပြင် ထိုင်းနိုင်ငံသည် ရေပြင်၊ မြေပြင်၊ ဒီဂျစ်တယ်နှင့် ချိတ်ဆက်ကွန်ရက်တို့အပြင် ပြည်သူချင်း ဆက်ဆံမှုကဲ့သို့သော အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပါ မြှင့်တင်ပေးသည်။
ထိုင်းနိုင်ငံအပြီးတွင် ဘင်္ဂလားဒေ့ရှ်က BIMSTEC ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။