ဆေးကုသရင်း စာသင်ပေးနေတဲ့ ဆရာဝန်မလေး ဒေါက်တာဆမ်းမားနှင့် တွေ့ဆုံခြင်း

မဇ္ဈိမ

​ဒေါက်တာ ဆမ်းမား (Dr. Summer) သည် နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့်တွဲကာ အလွတ်တန်းဆရာဝန်အဖြစ် ဆေးကုသမှုနှင့် ဒေသခံကလေးများကို စာသင်ကြားပေးမှုများ ထမ်းဆောင်လျှက်ရှိသည်။ လူငယ်ဆရာဝန်လေးကို သုံးနှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရမှုများကို မဇ္ဈိမက မေးမြန်းထားသည်။

(မဇ္ဈိမ)။ ။နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ဆရာဝန်တယောက်အနေနဲ့ ဆရာမကို သတိထားမိပါတယ်။ လက်ရှိ ဘယ်ဒေသမှာ ဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲဆိုတာ သိပါရစေ။

ဒေါက်တာဆမ်းမား။ ။စစ်ကိုင်းတိုင်းအထက်ပိုင်းက စစ်ဆင်ရေးနယ်မြေဝန်းကျင်မှာ အလုပ်လုပ်နေပါတယ်။ အဓိက တာဝန်ကတော့ ထိခိုက်ဒဏ်ရာရရဲဘော်တွေကို ဆေးကုပေးတာပါပဲ။

မဇ္ဈိမ။ ။ဒီလိုလုပ်ဆောင်မှုတွေနဲ့ ဒီကာလအတွင်းမှာ ကိုယ်တိုင်အတွေ့အကြုံမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ဘေးအန္တရာယ်ကြုံခဲ့ရတာမျိုးရော ရှိလား။

ဒေါက်တာဆမ်းမား။ ။ ဟုတ်ကဲ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ညဘက်ကြီး ခွဲစိတ်ခန်းဝင်ရင်းနဲ့ jet fighter (ဂျက်တိုက်လေယာဉ်) လာလို့ ခွဲခန်းထဲက ထပြေးထားရပါတယ်။ (အဲဒီတုန်းက ခွဲစိတ်ပေးနေတဲ့ လူနာက ဖမ်းမိတဲ့ စစ်သုံ့ပန်းလူနာ။) တခြားကြုံခဲ့ဖူးတဲ့ ဘေးအန္တရာယ်တွေကလည်း ဒါမျိုးခပ်ဆင်ဆင်တွေပါပဲ။ ခွဲစိတ်ခန်းနားမှာ လက်နက်ကြီးကျတာမျိုးလည်း ကြုံဖူးပါတယ်။ အကြီးမားဆုံးအဖြစ်အပျက်ကတော့ လူနာခွဲစိတ်ပြီး ဆိုင်ကယ်နဲ့အပြန်လမ်းမှာ ကိုယ်ရှေ့နားလေးတင် လက်နက်ကြီးကျတာပါပဲ။ တော်တော်နီးတာပါ။ အဲဒီတုန်းကတော့ သေပြီလို့တောင် တွေးမိတာ။ အဲဒီလောက်ပါပဲ။ ဒီထက်ဆိုးတာတော့ မကြုံဖူးသေးပါဘူး။

မဇ္ဈိမ။ ။ဘယ်အရာက ပုံမှန်ဆရာဝန်ဘ၀ကိုစွန့်ပြီး တော်လှန်ရေးနယ်မြေတွေဆီအရောက်လာခဲ့ဖြစ်သွားတာလဲ။
ဒေါက်တာဆမ်းမား။ ‌ ။အာဏာမသိမ်းခင်က ကျမက INGO ဆရာဝန်ပါ။ အရင်ကတည်းကလည်း ဖက်စစ်စစ်တပ်ကို ဒီနိုင်ငံကနေ ဖယ်ရှားပစ်ချစ်စိတ်ရှိပါတယ်။ အာဏာသိမ်းပြီး တော်လှန်ရေးကြီးနဲ့ကြုံ‌လိုက်တော့ လက်နက်ကိုင်တော်လှန်ရေးလုပ်မှရမယ်ဆိုတဲ့ အတွေးလည်းရှိခဲ့ပါတယ်။ အဲဒီမှာ လက်နက်ကိုင်ပြီးတိုက်နေတဲ့ တော်လှန်ရေးသမားတွေကို ဘေးကနေ ငွေကြေးလေးထောက်ပံ့ရုံလောက်နဲ့လည်း အားမရပါဘူး။ တာဝန်မကျေသေးဘူးလို့ ခံစားရပါတယ်။ ပြီးတော့ တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ ဆရာဝန်တွေလိုမှာ အသေအချာပဲလေ။ အဲဒါနဲ့ပဲ လက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်ပြီး လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ဖို့သွားပါတယ်။ သင်တန်းဆင်းပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ဆေးကုပေးနေပါတယ်။

မဇ္ဈိမ။ ။စာသင်ကြားပေးရေးလည်း လုပ်ဖြစ်သွားတာက ဘယ်လိုကြောင့်လဲ။

ဒေါက်တာဆမ်းမား။ ။ကျမက နဂိုကတည်းက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို စိတ်ဝင်စားတယ်။ ပြီးတော့ စာသင်ရတာလည်း ဝါသနာပါတယ်။ အစကတော့ ကျမတို့နဲ့ အတူတူအလုပ်လုပ်နေတဲ့ ဆေးတပ်သားလေးတွေကို ဆေးစာသင်ပေးတယ်။ နောက်တော့ သူတို့လေးတွေက ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်း နဲ့ CDM လုပ်ပြီး ဆေးတပ်သားဖြစ်လာကြသူတွေများတယ်။ သူတို့အများစုက လူငယ်တွေဆိုတော့ စူးစမ်းလေ့လာလိုစိတ်များတယ်။ bright ဖြစ်ကြတယ်။ ကျမကိုလည်း ကြုံရင်ကြုံသလို မေးခွန်းတွေအများကြီးမေးတယ်။ အဲဒါနဲ့ပဲ သူတို့တွေအတွက် စာသင်ပေးဖို့ဖြစ်လာတာပါ။ ကျမတို့အလုပ်အားတဲ့အချိန်တွေမှာ စာသင်ပေးဖြစ်တယ်။ အစကတော့ ဆေးတပ်သားတွေပဲသင်ရာကနေ ရွာထဲက ကျမတို့အဖွဲ့အတွက် ထမင်းဟင်းချက်ကျွေးတဲ့ အန်တီကြီးရဲ့ သမီးလေးကိုပါ ခေါ်ပြီးစာသင်ပေးဖြစ်တယ်။ အဲဒါက အထက်တန်းအဆင့်အရွယ်လေးတွေပေါ့။ ပြီးတော့ အဲဒီထမင်းချက်ကျွေးတဲ့ အန်တီနောက်တယောက်ရဲ့ သမီးနဲ့သားရှိသေးတယ်။ သူတို့က မူလတန်းအရွယ်တွေ။ ဒီရွာမှာက မူလတန်းအရွယ်ကိုတောင် စာသင်ပေးနေတဲ့ နေရာမရှိဘူး။ အဲဒီတော့ အဲဒီကလေးတွေကို ကကြီး၊ ခခွေး၊ ABCD ကနေ ပြန်သင်ရတယ်။ အဓိကရည်ရွယ်တာကတော့ စာသင်ရမယ့် ကလေးတွေကို စာသင်ခွင့်ရစေချင်တဲ့ရည်ရွယ်ချက်ကြောင့်ပါပဲ။ ကျမကိုယ်တိုင်လည်း သူတို့လေးတွေကို စိတ်ဝင်စားတာကြောင့်လည်း စာသင်ပေးဖြစ်တာပါ။ လူအများကြီးကိုလည်း သင်မပေးနိုင်ပါဘူး။ ဆေးကုရတဲ့အလုပ်လည်းလုပ်ရသေးတာဆိုတော့ အားတုန်းလေးပဲ သင်နိုင်တာပါ။

မဇ္ဈိမ။ ။ အခုလို ဆေးကုသမှုနဲ့ ပညာသင်ပေးမှုတွေလုပ်နေတဲ့ဒေသတွေမှာ လူထုအတွက် ကြီးမားတဲ့လိုအပ်ချက်တွေလို့ဆိုရင် ဘယ်အရာတွေဖြစ်မလဲ။

ဒေါက်တာဆမ်းမား။ ။ လူထုအတွက်အလိုအပ်ဆုံးက ပညာရေးနဲ့ ကျန်းမာရေးလို့ မြင်တယ်ရှင့်။ အခု ဒီနယ်တကြောမှာဆိုရင် စစ်အစိုးရဖွင့်တဲ့‌ကျောင်းလည်း မရှိသလို NUG ကျောင်းလည်း မရှိသေးဘူး။ ရွာထဲမှာ ကျူရှင်သဘောမျိုးသင်ပေးနေတာမျိုးလည်းမရှိဘူး။ အဲဒီတော့ ဆယ်ကျော်သက်အရွယ်တွေဆိုရင်လည်း အိမ်ထောင်စောစောကျကြတယ်။ ကလေးသူငယ်တွေလည်း လမ်းပေါ်ရောက်ကုန်ကြတယ်။

ပြီးတော့ ကျန်းမာရေးအတွက်ဆိုရင်လည်း ရွာထဲက ရမ်းကုတွေကိုပဲ အားကိုးနေကြရတယ်။ ကျမတို့အဖွဲ့က ရှေ့တန်းက ထိခိုက်ဒဏ်ရာရ‌ ရဲဘော်တွေကို ဆေးကုသဖို့ပဲရည်ရွယ်တာဆိုတော့ ပြည်သူတွေအတွက် အချိန်ပြည့်ဆေးကုသမှုမပေးနိုင်ဘူး။ ပြီးတော့ ကျမတို့က မကြာခဏနေရာရွှေ့ရတယ်။ စစ်ဆင်ရေးရှိတဲ့နေရာတွေနောက်ကို လိုက်ရတာမျိုးဆိုတော့ တနေရာတည်းအထိုင်ချမနေနိုင်ဘူး။ အဲဒီတော့ ပြည်သူတွေက ရမ်းကုတွေကိုပဲ အားကိုးနေရတယ်။ ဒီဘက်မှာ ကျန်းမာရေးဗဟုသုတလည်း အားနည်းကြတော့ သူတို့က ရမ်းကုကိုတောင် ရမ်းကုမှန်းမသိဘူး။ ဆရာဝန်ပဲထင်နေကြတာ။ ရမ်းကုတွေကလည်း ဒီဘက်မှာ အရမ်း‌ဆိုးဝါးတယ်။ ကုချင်သလိုကုတယ်။ ဆေးဖိုး မတန်တဆယူတယ်။ ပြည်သူတွေမှာလည်း ရွေးချယ်စရာ များများစားစားမရှိတော့ သူတို့ဆီပဲ သွားကုရတယ်။