တိုက်တိုင်းပြေး ပြေးတိုင်း အိန္ဒိယရောက်နေတဲ့ စစ်ကောင်စီတပ်

ဓားရိုင်း

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကိုကြည့်ရင် စစ်ကောင်စီဘက်က လက်နက်ချ အညံ့ခံရင်ခံ၊ ဒါမှမဟုတ် မရဏလမ်းသွားနေရချိန် ချင်းပြည်နယ်ဘက်က စစ်ကောင်စီတပ်သားတွေတော့ တိုက် တိုင်းပြေး ပြေးတိုင်း အိန္ဒိယဖြစ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာစစ်တပ်က စစ်သားအရေအတွက်ဟာ နှစ်လအတွင်း ၄၀၀ ကျော်ရှိခဲ့တယ်လို့ အိန္ဒိယ ဘက်ကတရားဝင်ထုတ်ပြောလာခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကနေဝင်ရောက်လာတဲ့ မြန်မာစစ်သား ၄၁၆ ယောက်ရှိခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာကျရောက်မယ့် အိန္ဒိယတပ်မတော်နေ့မတိုင်ခင်ပြုလုပ်တဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Manoj Pande ကပြောခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီးဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာပြီး အိန္ဒိယ နိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြိမ်ရေ စုစုပေါင်း ငါးကြိမ်အထိရှိလာခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက် အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငါးကြိမ်အတွင်း စစ်ကောင်စီတပ်သားတွေထွက်ပြေးခဲ့တာဖြစ်ပြီး အိန္ဒိယစစ်တပ် အာ သံရိုင်ဖယ်က လက်ခံပေးထားပြီး ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ ပဲ ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)ရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီ တပ်သား ၁၅၀ ကျော်ကို အိန္ဒိယအစိုးရခွင့်ပြုချက်နဲ့ မီဇိုရမ်ပြည်နယ်ကနေ စစ်ကောင်စီ တပ်လေယာဉ်နဲ့ပြန်လည် သွားခေါ်ခဲ့ရတာဖြစ်ပါတယ်။  

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေထွက် ပြေးသွားခဲ့တာဖြစ်ပါတယ်။ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၃၇၇ အခြေကုပ် စခန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဟာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ သွီဆဲတလန်းရွာကတစ်ဆင့် အိန္ဒိယနိုင်ငံ စစ်တပ်ဆီကိုသွားရောက် ခိုလှုံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၂ ရက်မှာ လဲန်းပွီလေဆိပ်ကတစ်ဆင့် စစ်ကောင်စီ တပ်လေယာဥ်နဲ့ နှစ်ခေါက်ခေါ်ယူပြီး စစ်တွေ့မြို့ကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တဲ့ တပ်သားတွေကို ပြန်လည်ခေါ်ယူဖို့အတွက် အိန္ဒိယအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီကြား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သား ကိုးယောက်ကိုလည်း အိန္ဒိယအစိုးရက ဆေးဝါးကုသပေးခဲ့ တယ်လို့သိရပါတယ်။ အဲဒီမတိုင်ခင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါရ်ဒါမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ချင်းတော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃၄ ယောက် မီဇိုရမ် ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဇိုးခွားထာလ်မြို့ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီ တပ်သားတွေကို အာသံရိုင်ဖယ်တပ်က အိန္ဒိယစစ်တပ် ရဟတ်ယာဥ်နဲ့ မိုးရေးမြို့ကိုပို့ဆောင်ပေးခဲ့ပြီး အဲဒီကတစ်ဆင့် တမူးမြို့ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား အယောက် ၄၀ ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး သွားခဲ့တာပါ။ CNDF တပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီးပေမယ့် မီဇိုရမ်ပြည်နယ်၊ ဗတ်ဖိုင်းကျေးရွာကတစ်ဆင့် အာသံ ရိုင်ဖယ်တပ်ထံဝင်ရောက်ပြီးနောက် မြန်မာနိုင်ငံ၊ တမူးမြို့ကို အိန္ဒိယစစ်ရဟတ်ယာဥ်နဲ့ပဲ ပြန်လည်ပို့ဆောင်ပေးခဲ့ရ တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလအတွင်းမှာပဲ နောက်ထပ် စစ်ကောင်စီတပ်သားတွေ အိန္ဒိယဘက်ကိုထပ်မံထွက် ပြေးခဲ့သေးတာပါ။ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အခြေစိုက် ခမရ(၃၀၄) စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ် ရေးတပ်တွေက နိုဝင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ဟာ မီဇိုရမ် ပြည်နယ်၊ ဆိုင်ဟားခရိုင်အတွင်းကို ဝင်ရောက်ခိုလှုံသွားခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေကိုလည်း အိန္ဒိယစစ်တပ်ရဟတ်ယာဥ်နဲ့ပဲ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါ့အပြင်ဇန်နဝါရီ ၂ ရက်က ပလက်ဝမြို့၊ ရှင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော်(AA)နဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)တို့ တိုက်ခိုက်သိမ်း ပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်အတွင်းကို ထွက်ပြေးခဲ့သေး တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီက တပ်လေယာဥ်နဲ့ အိုက်ဇောလ်မြို့နယ်၊ လဲန်းပွီ လေဆိပ်ကိုသွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ချင်းပြည်နယ်က စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယ-မြန်မာ၊ မြန်မာ-အိန္ဒိယ သွားလိုက် လာလိုက်နဲ့ သံသရာလည်နေတယ်လို့ ဆိုရမလိုပါပဲ။  

အိန္ဒိယနိုင်ငံကနေပြန်ခေါ်ခဲ့တဲ့ တပ်သားတွေကို စစ်ကောင်စီက ချက်ချင်းရှေ့တန်းပြန်ပို့ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတချို့ PDF တပ်ဖွဲ့တွေဆီမှာ အလံဖြူထောင်ပြီး အလင်းဝင်ခဲ့သလို လွတ်ရာလွတ်ကြောင်းပြန်လည်ထွက်ပြေးခဲ့ သူတွေလည်းရှိနေခဲ့တာပါ။ ရိဒ်ခေါဒါရ်မြို့သိမ်းပိုက်ခံရပြီးနောက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ တပ် သားတွေကို စစ်ကောင်စီကပြန်လည်ခေါ်ယူပြီး ရှေ့တန်းကိုပြန်ပို့ခံရတဲ့အထဲက တပ်သားတချို့ဟာ နိုဝင်ဘာ ၂၀ ရက်က တမူး PDF တပ်ဖွဲ့တွေဆီမှာ အလံဖြူထောင်ပြီး အလင်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလကလည်း ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သေ့ဘောဘိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ယောက်နဲ့ ပေါ်တာဆွဲခံသူ သုံးယောက်တို့ဟာ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ဖူးတာဖြစ်ပါတယ်။ သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မေလ ၁၉ ရက် နေ့လယ်ပိုင်းမှာ မြဝတီ-ဝေါ်လေ ကားလမ်းကိုဖြတ်ပြီး သောင်းရင်းမြစ်ကို ဖြတ်ကူးထွက်ပြေးသွားခဲ့တာလို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ် ပြန်ခဲ့ပါတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းစစ်တပ်ဆီမှာ အကူညီတောင်းခံခဲ့လို့ မေလ ၁၉ ရက်မှာပဲ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးခဲ့တယ်လို့သိရပါတယ်။ သေ့ဘောဘိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို မေလ ၁၈ ရက် မွန်းလွဲပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက်ကိုအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေသိမ်း ဆည်းရမိခဲ့တာဖြစ်ပါတယ်။  

လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ဖို့သဘောတူညီခဲ့ပေမယ့် အဲဒီသဘော တူညီချက်တွေထဲမှာ ရှမ်းမြောက်ဒေသတစ်ခုတည်းမှာသာ အပစ်ရပ်ဖို့အတွက်သဘောတူထားခဲ့တာလို့သိရ ပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ထဲက ရက္ခိုင့်တပ်တော်(AA)ကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တစ်ကြောမှာ တိုက်ပွဲတွေဆက်လက်ဆင်နွှဲနေခဲ့တာတွေ့ရပါတယ်။ ပလက်ဝမြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက်ထိုးစစ် ဆင်နေသလို ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနဲ့ ကျောက်တော်တို့မှာတိုက်ပွဲ တွေပြင်းထန်နေတာဖြစ်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော်(AA) စစ်မျက်နှာဖွင့် တိုက်ခိုက်နေခဲ့တာ နှစ်လကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နှစ်လကျော်ကာလ အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ စခန်းကြီး၊ စခန်းငယ် ၁၅၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အဲဒီထဲမှာ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂၂ ခုအထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(AA) တို့ဟာ နေ့စဉ်နီးပါးတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ တရွန်အိုင်၊ နှုံးဘူးနဲ့ ခဝဲဗျူဟာကုန်း၊ မြိတ်ဝစခန်း၊ လာမွီတောင်စခန်း၊ ပွိုင့် ၃၉၁၊ ၃၅၁၊ ၁၂၉၊ ၁၅၉၊ ၃၇၇ နဲ့ ရှင်းလက်ဝစခန်းကုန်းအပါအဝင် စခန်းပေါင်း ၂၂ ခုကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်(AA)ကတော့ ဇန်နဝါရီ ၉ ရက်ထုတ်ပြန်ချက်ထဲမှာ ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာနိုင်ဖို့အတွက် လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။ တိုက်တိုင်း ပြေး ပြေးတိုင်း အိန္ဒိယဘက်ရောက်သွားတတ်တဲ့ စစ်ကောင်စီတပ်သားအတွက် နောက်ထပ်ပြေးစရာမြေ ရှိပါ့ဦး မလားဆိုတာကတော့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။