မင်းကင်းမြို့မှ မင်္ဂလာဆောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၂၀ ဦးခန့်သေဆုံး

ယနေ့ ဇွန်လ ၃ရက် နံနက်ကလေကြောင်းတိုက်ခိုက်ခံရပြီးနောက် မတောရွာတနေရာအား တွေ့ရစဉ်/Photo-CJ

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်တခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၀ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့(ဇွန်လ ၃ ရက်)နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် အသုံးပြု၍ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းမြို့အခြေစိုက် Student ‘s Revolutionary Force (SRF)တပ်ဖွဲ့ဝင်တဦးက ပြောသည်။

“ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတာပါ။ ဂျက်တိုက်လေယာဉ်တစီးနဲ့ပေါင် ၂၀၀ လို့ယူဆရတဲ့ ဗုံးသုံးလုံးကြဲချ သွားတာပါ။ လက်ရှိအချိန်ထိတော့ ပျောက်ဆုံးနေသူတွေလည်း ရှိနေတဲ့ အတွက် သေဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူး” ဟု ၎င်းက ‌ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ ခန့်မှန်းသေဆုံးသူက လက်ရှိ ၂၀ လောက်တော့ ရှိမယ်ဗျ။ ပျောက်ဆုံးနေသူတွေ နဲ့ ဒဏ်ရာအပြင်းအထန် ရရှိသူတွေလည်း ရှိနေတာပါ” ဟု ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(ဇွန်လ၂ရက်)ညက မင်းကင်းမြို့နယ်အတွင်း လေကြောင်းမှ အကြိမ်ကြိမ်ကင်းထောက်ခဲ့ပြီး ယခုကဲ့သို့ တိုက်ခိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လေကြောင်းမှ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ၍ မတောကျေးရွာဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သတင်းရရှိသည်။

သေဆုံးသူများထဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့ပါဝင်ကြောင်း ဒေသခံအချို့ကပြောသော်လည်း အသေးစိတ်မသိရှိရ‌သေးပေ။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။

စာတည်း – အေးချမ်း