ငွေစက္ကူကျပ်ဘီလျံ ၃၀,၀၀၀ ခန့် စစ်ကောင်စီရိုက်ထုတ်ပြီး စစ်ရေးစရိတ်အများဆုံးသုံးခဲ့ဟု NUG ပြော

ဓါတ်ပုံ AFP

MTO

မဇ္ဈိမ။ ။စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းယူပြီး သုံးနှစ်ကျော်ကာလအတွင်း မြန်မာငွေစက္ကူ ကျပ်ဘီလီယံ ၃၀,၀၀၀ခန့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ယင်းလုပ်ရပ်သည် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီးပွားရေး၊ဘဏ္ဏာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

“ မနေ့တနေ့ကပဲ ဒေါ်လာစျေးတွေ၊ရွှေစျေးတွေ မဟားဒယားတက်လာတာရှိတယ်။ ဒါတွေကို အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာသမားတွေ၊ ရွှေသမားတွေ စျေးကစားလို့ ဒီဟာတွေဖြစ်ရတယ်ဆို ပြီး တရာခံရှာတာတွေ့ ရတယ်။တကယ့်အဓိက အကြောင်းအရင်းက သူတို့ ပြည်သူ့အာဏာကိုလုယူချိန်ကစပြီးတော့ ဒီကနေ့အချိန်အထိ ငွေစက္ကူအသစ် ဘုန်းပေါလအောရိုက်နှိပ်ထုတ်ဝေထားတဲ့အ ချက်က အဓိကဖြစ်ပါတယ် “ ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

NUG ကြားကာလဗဟိုဘဏ်အထူးအကြံပေး မစ္စတာရှောင်တာနဲလ်နှင့်အတူ ယနေ့(ဇွန်လ ၃ ရက်) ညနေ၌
ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စီးပွားရေးပျက်ကပ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ” တွင် ဦးတင်ထွန်းနိုင်ကပြောကြားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တနှစ်ထဲမှာပင် မြန်မာငွေစက္ကူ ကျပ်ဘီလျံ ၁၀,၀၀၀၊ ၂၀၂၂ ခုနှစ်တွင် ရှစ်ဘီလျံ ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်းမှာ ဘီလျံ ၃,၀၀၀ ကျော်ရိုက်ထုတ်ခဲ့ပြီး မတ်လ၊ဧပြီလနှင့် မေလများတွင်လည်း ငွေစက္ကူသစ်များအလုံးအရင်းရိုက်ထုတ်ခဲ့ကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။

မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်း စက္ကူနှင့် မှင်များကို အရှေ့ဥရောပနိုင်ငံတခုက တင်သွင်းပေးနေကြောင်း ဝန်ကြီးကဆိုသည်။ ယင်းနိုင်ငံ၏အမည်ကို ထုတ်ဖော်ပြောကြားသွားခြင်းမရှိပေ။

စစ်ကောင်စီသည် ငွေစက္ကူအသစ် အများအပြားရိုက်နိပ်ထုတ်ဝေနေပြီး အများစုကို စစ်အသုံးစရိတ်အဖြစ်အသုံးပြုခဲ့သည်ဟု ဦးတင်ထွန်းနိုင်ကပြောသည်။ စစ်အသုံးစရိတ်အဖြစ် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေဘီလျံ ၁,၇၀၀ ၊ ၂၀၂၂-၂၃ ခုနှစ်တွင် ကျပ်ငွေ ဘီလျံ ၃,၇၀၀ ၊ ၂၀၂၃-၂၄ ခုနှစ်တွင် ကျပ်ငွေ ဘီလျံ ၅,၇၀၀ အထိ အသုံးပြုပြီး ၂၀၂၄-၂၅ ခုနှစ်အတွက်အသုံပြုမည့် ဘတ်ဂျက်ကို ပြည်သူကို အသိပေးခြင်းမျိုး မလုပ်ဆောင်တော့ဟုဆိုသည်။

“ အခုလိုမျိုးထိန်ချန်ထားတာဟာ သူတို့အနေနဲ့ ဒီနှစ်မှာ စစ်ရေး၊နိုင်ငံရေး၊ဘဏ္ဍာရေးအဖက်ဖက် မှာ ရှုံးနိမ့်နေတယ်။အဲ့အချိန်မှာ သူတို့ ပိုပြီးတော့ တနည်းအားဖြင့် အတိုင်းအဆမရှိ ကာကွယ်ရေးအသုံးစရိတ်၊ စစ်ရေးအသုံးစရိတ် သုံးစွဲချင်တဲ့အတွက်မလို့ ဒီအချက်အလက်တွေကိုထိန်ချန်ထားပြီး နောက်ကွယ်မှာ သူတို့ လိုသလောက် ငွေစက္ကူကို ရိုက်ထုတ်ပြီးတော့ ဘတ်ဂျက်ကို အသုံးပြုဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ သေချာပေါက်တပ်အပ်ပြောနိုင်တဲ့အခြေအနေဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်ကပြောသည်။

စစ်ကောင်စီလက်ထက် သုံးနှစ်ကျော် ကာလအတွင်း ငွေစက္ကူသစ်ဘီလျံ ၃၀,၀၀၀ ကျော် ရိုက်နှိပ်ထုတ်ဝေမှုသည် NLD အစိုးရလက်ထက် ကိုဗစ်ရောဂါပျံ့နှံံ့‌ နေသည့်ကာလ စီးပွားရေးကျဆင်းနေချိန် ၂၀၁၉ ၊ ၂၀၂၀ခုနှစ် နှစ်နှစ်အတွင်း ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေခဲ့သည့် ကျပ်ဘီလျံ ၃,၆၀၀ နှင့် နှိုင်းယှဉ်ပါက ရှစ်ဆခန့် ပိုများခဲ့ကြောင်းNUG အစိုးရ၊ စီးပွားရေး၊ဘဏ္ဏာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

စာတည်း – အေးချမ်း