သံတွဲလေဆိပ်ကို ယာယီပိတ်လိုက်ပြီး ခရီးစဉ်အားလုံးကို ဖျက်သိမ်း

မင်းထက်

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ငပီမြို့ရှိ သံတွဲလေဆိပ်ကို ယနေ့ ဇွန်လ ၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ယာယီပိတ်လိုက်ပြီး စီစဉ်ပြီးသား ခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

သံတွဲလေဆိပ်ရှိရာ ငပလီမြို့၊ မဇင်ရပ်ကွက်နှင့် တမိုင်ခန့်အကွာက ဂေါ့ကျေးရွာတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လေဆိပ်ကို စစ်ကောင်စီက ရုတ်တရက် ပိတ်လိုက်ခြင်း ဖြစ်သည်။

“ဘာကြောင့်ပိတ်တယ်တော့ မပြောဘူး၊ အဲလိုင်းဘက်က လေကြောင်း ခဏပိတ်လိုက်တယ်လို့ပဲ ပြောတယ်။ တိုက်ပွဲအခြေအနေကြောင့် ပိတ်လိုက်တာလို့ ထင်တယ်”ဟု လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

လေဆိပ်ကို ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ယာယီပိတ်လိုက်ခြင်းဖြစ်ပြီး ဇွန်လ ၉ ရက်နေ့ နောက်ပိုင်းတွင်လည်း ပြန်ဖွင့်ရန် မသေချာကြောင်းလည်း ၎င်းကဆိုသည်။

သံတွဲဒေသခံတဦးက “လေဆိပ်က ဒီနေ့မှ ပိတ်လိုက်တာ ယာယီပိတ်တာလို့ ပြောတယ်။ လေယာဥ်ကွင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ကလည်း နီးတယ်။သံတွဲလေဆိပ်မှာ လက်နက်ကြီးတွေဆင်ထားတယ်လို့လည်း ကြားရတယ်။ နောက်တခုက ငပလီထဲက ဒေသခံတွေကို လူသားဒိုင်းလုပ်ချင်လို့ မြို့ကနေ ထွက်ပြေးလို့မရအောင် သံတွဲလေဆိပ်ကနေ ပိတ်ထားတာလည်း ဖြစ်နိုင်တယ်”ဟု ပြောသည်။

လေဆိပ်ကို ယာယီပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ စစ်ကောင်စီကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက ငပလီမြို့နယ်၊ ဂေါ့ကျေးရွာတွင် အာရက္ခတပ်တော် (AA)နှင့်
စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်