မုံရွာစက်မှုဇုန်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး ဟုဆို

ပုံအညွှန်း – သိမ်းဆည်းရသည့် သေနတ်နှင့်ကျည်များ
ဓါတ်ပုံ – မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တပ်ရင်း(၄)

ပါခွီး
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကားဖြင့်ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရခဲ့ကြောင်း မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) က ယနေ့ (ဇွန်လ ၄ ရက်) ထုတ်ပြန်သည်။

နေ့စဥ်ကင်းလှည့်ပြီး ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ငွေကြေးတောင်းခံသည့် စစ်ကောင်စီကား ကို မုံရွာစက်မှုဇုန်၊ သမစိတ္တလမ်းအနီး၌ ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့လာမယ်ဆိုတာကြိုသိတဲ့အတွက် အနီးကပ်စောင့်ပြီးပစ်ခဲ့တာပါ။ လဲကျသေဆုံးတာတွေကို မျက် မြင်တွေ့ခဲ့ရတယ်”ဟု Chindwin Attack Force တပ်ရင်း(၄)ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြော သည်။

မုံရွာမြို့တော်ခန်းမမှ Double Cup ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်သား ၁၀ ဦးလိုက်ပါလာသည့် ကားကို တပ်ရင်း(၄) အထူးကွန်မန်ဒို Monywa The Boys အဖွဲ့မှ ၁၅ မိနစ်ကျော်ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးပြီး MA 11 တလက်၊ ကာဘိုင်တလက်နှင့် ကျည် ဆန်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြန်လှန်ပစ်ခတ်သဖြင့် ကာကွယ်တပ်ဖွဲ့မှသေနတ်တက်ကောက်သည့် ရဲဘော်တဦး ဦးခေါင်းတွင်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က အနီးရှိ ကားနှစ်စီးနှင့် လက်ဖက်ရည်ဆိုင်ကို မီးရှို့ခဲ့ပြီး အလောင်းများကို ကားဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် မုံရွာစက်မှုဇုန်အတွင်းသို့ ကင်းလှည့်လေ့ရှိပြီး လုပ်ငန်းရှင်များထံ ငွေကြေးတောင်း ခံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ