ပြိုလဲမှုဆီဦးတည်နေတဲ့ မြန်မာ့စီးပွားရေး

A vendor waits for a customer to buy bananas at the Da Nyin Gone vegetable wholesale market in Yangon on September 19, 2023. (Photo by Sai Aung MAIN / AFP)

(Photo by Sai Aung MAIN AFP)

ဘုန်းဆွေ

မြန်မာ့စီးပွားရေးပြိုလဲသွားနိုင်သလား ဆိုတဲ့မေးခွန်းဟာ စစ်အာဏာစနစ် ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့သလို အရပ်သားအစိုးရလက်ထက်မှာလည်း ရှိခဲ့ပါတယ် ။ ဒါပေမဲ့ စစ်ကောင်စီအာဏာသိမ်းကာလ သုံးနှစ်ကျော်လာ တဲ့ အချိန်မှာတော့ မြန်မာကျပ်ငွေတန်ဖိုး အရှိန်အဟုန်နဲ့ထိုးဆင်းနေမှု ၊ ကုန်စျေးနှုန်းတွေ မြင့်သထက်မြင့်လာမှု နဲ့ ကဏ္ဍအသီးသီးမှာ အနှုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေ ဖြစ်ပေါ်နေမှုတွေကြောင့် ဒီမေးခွန်းဟာ ပိုပြီး ကျယ် လောင်လာပါတယ်။

ဒီလပိုင်းတွေထဲမှာ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားတာ၊ ပြည်ပပို့ကုန် ကျဆင်းသွားတာ၊ နိုင်ငံခြားငွေ ခန်းခြောက်လာတာ၊ မကြာခဏပြောင်းလဲနေတဲ့ကုန်သွယ်ရေးမူဝါဒနဲ့စစ်မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲ အကျိုး ဆက်တွေကြောင့် မြန်မာ့စီးပွားရေးဟာ မေလထဲမှာ အနိမ့်ကျဆုံးအနေအထားကို ရောက်သွားပါတယ်။ မေလ ကုန်မှာ အမေရိကန်တဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်နဲ့ ရွှေတကျပ်သားကျပ် ၅၇ သိန်းဝန်းကျင် ဖြစ်သွားပါ တယ်။ ဒါဟာ သမိုင်းတလျှောက် မကြုံစဖူး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဖြစ်ပါတယ်။

အပြောင်းအလဲများတဲ့ အမိန့်တွေ

မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ငွေကြေးဖောင်းပွမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ ဝင်ငွေနည်းပါးမှု၊ ကုန်စျေးနှုန်း တွေ မြင့်တက်မှု ၊ ဆင်းရဲတွင်းပိုနက်လာမှုတွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော် ကာလထဲမှာ ပြည် သူတရပ်လုံး ခံစားနေရတဲ့ အနိဋ္ဌာရုံတွေဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အခြေခံအချက်တွေထဲမှာ ကုန်သွယ်ရေး မူဝါဒတွေ မကြာခဏပြောင်းလဲမှု ၊ ဗဟိုဘဏ်ရဲ့အမိန့်ပေးစနစ်နဲ့ငွေကြေးစျေးကွက်ကိုင်တွယ်မှုနဲ့ ငွေစက္ကူသစ် တွေ အတိုင်းအဆမရှိ ရိုက်နှိပ်ထုတ်ဝေမှုတွေက အဓိကကျတဲ့အချက်တွေထဲမှာ ပါဝင်နေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားငွေလဲလှယ်မှုတွေကို နှုန်းရှင်မျှောထားရာကနေ ပုံသေ သတ်မှတ်ဈေးဆိုပြီး ပြောင်းခဲ့ပါတယ်။ ဒီအခါမှာ ငွေကြေးတတ်နိုင်သူတွေဟာ ပိုလျှံစုဆောင်းငွေတွေကို မြန်မာကျပ်ငွေနဲ့ မထားရဲကြတော့ဘဲ နိုင်ငံခြားငွေ လဲလှယ်ထားတာ၊ ရွှေ၊ အိမ်ခြံမြေ ဝယ်ယူတာ၊ နိုင်ငံခြားမှာငွေစာရင်း ဖွင့်တာတွေ လုပ်ကြပါတယ်။ ပြီးတော့ ပို့ကုန်လုပ်ငန်းတွေကရတဲ့ ငွေတွေကို ၃၅ ရာခိုင်နှုန်းကိုသာ စိတ်ကြိုက် လုပ် ကိုင်ခွင့်ပေးထားပြီး ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကိုတော့ စစ်ကောင်စီသတ်မှတ်စျေး တဒေါ်လာကို ကျပ် ၂၁၀၀ နဲ့ လဲ လှယ်ဖို့ ကန့်သတ်ခဲ့ပါတယ်။ ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေဟာ လိုအပ်တဲ့ဒေါ်လာပမာဏကို ပြင်ပပေါက် ဈေးနဲ့ ဝယ်ယူကြရ ပါတယ်။

ဒါပေမဲ့ နောက်ဆုံးသတ်မှတ်ချက်က ပို့ကုန်ရငွေကို ပြည်တွင်း ဘဏ်တခုခုမှာ အပ်ရပြီး အပ်တဲ့ငွေ ၆၅ရာခိုင်နှုန်းက ဗဟိုဘဏ်အဆို တရားဝင်စျေး တဒေါ်လာ ၂၁၀၀ ကျပ်စျေးနဲ့ လဲလှယ်ရပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ Online Trading စနစ်နဲ့ ဗဟိုဘဏ်ကပဲ သတ်မှတ်တဲ့ နောက်ထပ်သတ်မှတ် ဈေးနဲ့လွှဲပြောင်းရမယ်လို့ ဆိုပြန်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အပြောင်းအလဲများတဲ့ စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒတွေအပေါ် ယုံကြည်မှုကင်းမဲ့ လာပြီး ခိုင်မာတဲ့ အမေရိကန်ဒေါ်လာနဲ့ ရွှေဝယ်ယူစုဆောင်းမှု များပြားလာမှုဟာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ထိုးဆင်းသွားတဲ့ သက်ရောက်မှုတွေထဲက အဓိကအချက်တခု ဖြစ်ခဲ့ပါတယ်။

ဝါဇီကထုတ်နေတဲ့ ငွေစက္ကူသစ်

၂၀၂၃ ဇူလိုင်လထဲမှာ စစ်ကောင်စီဗဟိုဘဏ်ကနေ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မယ် ဆိုတဲ့ ကြေညာချက်ဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။ ဒီကြေညာချက် ထွက် လာပြီးတဲ့နောက် အိမ်ခြံမြေအရောင်းအဝယ်တွေနဲ့ ရန်ကုန်မြို့က ရွှေဆိုင်တွေမှာ အရောင်းပိတ်တဲ့အထိ ဖြစ်ခဲ့ ပြီးငွေကြေးဖောင်းပွမှု ပြဿနာကို ပိုဆိုးစေခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ငွေစက္ကူတွေ တရားမဝင် သုံးကြိမ်အထိ ကြေညာခဲ့ရပါတယ်။ ဝါဇီစက်ရုံကနေ ငွေစက္ကူတွေအတိုင်းအဆမရှိ ရိုက်ထုတ်ခဲ့လို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို တလျှောက်လုံး ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရလက်ထက်မှာ ငွေစက္ကူအသစ်ရိုက်ထုတ်မှုကို ထိန်းချုပ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ဘတ်ဂျက်လိုငွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ဗဟိုဘဏ်က ငွေ စက္ကူအသစ် ရိုက်ထုတ်ခဲ့ပြီး ကျန်တာတွေကို ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေထုတ်ရောင်းပြီး ဖြည့်ဆည်းလေ့ရှိပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျပ်တသောင်းတန်ငွေစက္ကူတွေ အများအပြား ရိုက်ထုတ်ခဲ့ပါတယ်။ ဆင်ဖြူတော်အထိမ်းအမှတ်နဲ့ ကျပ် နှစ်သောင်းတန်ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ တော့ မြန်မာကျပ်ငွေတန်ဖိုး ပိုပြီး ထိုးကျခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဘတ်ဂျတ်နှစ်မှာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဟာ ကျပ်ဘီလီယံ ၁၃,၀၀၀ ကျော်ရမယ် လို့ မျှော်မှန်းထားပေမယ့် အသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ၂၀,၀၀၀နီးပါးအထိ သုံးဖို့ လျာထားခဲ့ပါတယ်။ ဘတ် ဂျတ်လိုငွေ ကျပ်ဘီလီယံ ၇၀၀၀ နီးပါးပြနေတဲ့ ကြားကပဲ စစ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော် အထိ သုံးစွဲခဲ့ပါတယ်။ ဒီနှစ် ၂၀၂၄ စစ်ရေးဘတ်ဂျက်ဆိုရင် လုံး၀မကြေညာတော့ပါဘူး ။ ဒါကြောင့် ဒေါ်လာငွေ ခန်း ခြောက်နေတဲ့ စစ်ကောင်စီဟာ လိုအပ်နေတဲ့ ပြည်တွင်းသုံးငွေတွေအတွက် ငွေစက္ကူအသစ် ရိုက်ထုတ်ရုံကလွဲပြီး အခြား နည်းလမ်း မရှိတော့ပါဘူး ။

ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ပြုလုပ်တဲ့ NUG ရဲ့သတင်းစာရှင်းလင်းပွဲမှာ NUG စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ် နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က စစ်ကောင်စီဟာ အာဏာသိမ်းကာလထဲမှာ ငွေကျပ်ဘီလီယံပေါင်း ၃၀,၀၀၀နီးပါး ရိုက်နှိပ်ခဲ့ကြောင်းနဲ့ အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်တနှစ်ထဲမှာ မြန်မာငွေစက္ကူ ဘီလီယံ ၁၀,၀၀၀ နီးပါး ရိုက်နှိပ် ထုတ်ဝေခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာကျပ်ငွေတန်ဖိုး ရုပ်ပျက်ဆင်းပျက် ကျဆင်းနေတဲ့ကိစ္စမှာ ဒီအချက်ဟာ အဓိကကျတဲ့အချက်တခု ဖြစ်ပါတယ်။

ရွှေကုန်သယ်တွေကိုဖမ်းရင် စျေးကျမလား

မြန်မာနိုင်ငံမှာ ဒေါ်လာစျေး၊ရွှေစျေးနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဒေါ်လာစျေး ၊ရွှေ စျေးတက်ရင် ဆက်စပ်နေတဲ့ စားဖိုချောင်သုံး ကုန်စည်ဈေးနှုန်းတွေအပါအဝင် စားသောက်ကုန်ပစ္စည်း ဈေးတွေ လည်း လိုက်ပါမြင့်တက်လေ့ရှိပါတယ်။ အတက်ကြမ်းနေတဲ့ ရွှေစျေးဟာ မေလ ၂၀ ရက်နေ့က အခေါက်ရွှေ တကျပ်သားကို ကျပ်သိန်း ၅၀ ဝန်းကျင်ရှိရာကနေ မေလ ၃၁ ရက်နေ့မှာတော့ ၅၇ သိန်းကျော်အထိ မြင့်တက် သွားခဲ့ပါတယ်။ အမေရိကန် ဒေါ်လာစျေးကလည်း တဒေါ်လာ ကျပ် ၄၀၀၀ ကနေ ကျပ် ၄၆ဝဝ ဝန်းကျင်အထိ မြင့်တက်သွားပါတယ်။

ဒီအခါမှာ စစ်ကောင်စီဟာ လုပ်နေကျလမ်းဟောင်းကြီး အတိုင်း နာမည်ကြီးရွှေကုန်သည်တွေကို ဖမ်းပါတယ်။ အဲဒီရွှေကုန်သည်တွေကို နိုင်ငံစီးပွားရေး မငြိမ်မသက်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ရွှေစျေးနှုန်းကျပ်သိန်း ၆၀ လောက် အထိ စျေးကစားဆွဲ တင်ခဲ့တဲ့ တရားခံ ၂၁ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ် ပြန်ပါတယ်။ ရွှေစျေးတက်တဲ့ကိစ္စအပေါ် ရွှေကုန်သည်တွေကို လက်ညှိုးထိုးပြီး အပြစ်ပုံချပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ဒေါ်လာစျေးတက်လို့ ဒေါ်လာဝယ်ရောင်းသူတွေကိုဖမ်းပေမဲ့ ဒေါ်လာစျေးကျသွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ပိုပြီး စျေးတက်သွားတာသာ ရှိခဲ့တာပါ ။ အခုလည်း ရွှေစျေးတက်လို့ ရွှေကုန်သည်တွေကို ဖမ်းတယ်ဆိုတာ စစ် ကောင်စီအနေနဲ့ ကိုယ့်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ဖုံးဖိပြီး ရွှေကုန်သည်တွေကို အပြစ်ဖို့တာသာ ဖြစ်ပါတယ်။ ဒီလို ဖမ်းပြလို့ ရွှေစျေး ခေတ္တခဏတာ ပြန်ကျသွားတာမျိုး ရှိနိုင်ပေမဲ့ စျေးမတက်ခင်က ရှိခဲ့တဲ့စျေးနှုန်းအတိုင်း ပြန်မဖြစ် တော့ပါဘူး။

သီရိလင်္ကာ နမူနာ

လက်ရှိ မြန်မာ့စီးပွားရေးဟာ ၂၀၂၂ ခုနှစ်က အဆိုးဝါးဆုံး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဒေဝါလီခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံလို အနေအထားမျိုးနဲ့ ရေခံရေမြေခံ တူညီလုနီးပါး ဖြစ်နေတဲ့အတွက် မကြာတော့တဲ့အချိန်မှာ သီရိလင်္ကာလို ပြိုလဲသွားနိုင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

သီရိလင်္ကာနိုင်ငံဟာ အစိုးရရဲ့ မှားယွင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှု ၊ နိုင်ငံခြားသုံးငွေ လုံးဝခန်းခြောက်သွားမှုနဲ့ အထွေ ထွေစီးပွားရေးအကျပ်အတည်း တွေကြောင့် ၂ဝ၂၂ ခုနှစ်ဧပြီလ ၁၂ ရက်နေ့မှာ ပြည်ပကြွေးမြီတွေကို မပေးဆပ်နိုင်တော့ကြောင်းကြေညာပြီး ဒေဝါလီခံခဲ့ရပါတယ် ။ စီးပွားရေးပြိုလဲပြီးနောက်ပိုင်း အကျိုးဆက်ကတော့ နိုင်ငံရေးပါဆက်ပြိုပြီး သမ္မတလည်း နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အထွေထွေအကျပ်အတည်းတွေကို ဆန်းစစ်ကြည့်ရုံနဲ့ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ရတော့မဲ့ အခြေအနေပိုများနေတယ်လို့ ကောက်ချက်ချ နိုင်ပါတယ်။ မကြာတော့တဲ့အချိန် မှာ သာမန်အင်ဖလေးရှင်းကနေ ဟိုက်ပါအင်ဖလေးရှင်းလို့ခေါ်တဲ့ အလွန့်အလွန်ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ဇင်ဘာဘွေနဲ့ ဗင်နီဇွဲလားနိုင်ငံတွေလို စားသောက်ကုန်ပစ္စည်းတခုခုအတွက် ငွေစက္ကူအထပ်လိုက် ပေးချေနေ ရတဲ့ စီးပွားရေးပြိုလဲမှုဆီ ဦးတည်နေပါတယ်။