မြန်မာနိုင်ငံနဲ့ အယ်နီညိုဖြစ်စဉ်ရဲ့သက်ရောက်မှု

ရွှေနွယ်

(မဇ္ဈိမ)။ ။ကမ္ဘာ့အပူချိန်အမြင့်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့နယ်တွေပါဝင်နေပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း အပူချိန်မြင့်တက်နေတဲ့အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ အစွန်းရောက်ပူနွေးခြောက်သွေ့မှုဖြစ်စဉ် အယ်နီညိုရဲ့သက်ရောက်မှုတွေဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကနေစတင်ဖြစ်ပေါ်လာတဲ့ အယ်နီညိုဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဧပြီလ အလယ်ပိုင်းအထိဆက်လက်ဖြစ်ပေါ်ခဲ့ပြီး အင်အားကောင်းတဲ့ အယ်နီညိုအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလို ရာသီဥတုဖေါက်ပြန်မှုရဲ့ပြယုဒ်ဖြစ်တဲ့ အယ်နီညိုဖြစ်စဉ်ဟာ အရင်တုန်းကတော့ ငါးနှစ်မှတခါ လောက်ဖြစ်လေ့ရှိပေမယ့် လက်ရှိမှာတော့ နှစ်နှစ်၊ သုံးနှစ်မှာ တခါလောက် ကြုံတွေ့နေရပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ရိုက်ခတ်မှုလို့လည်း ပညာရှင်တွေကဆိုကြပါတယ်။

ဒါ့အပြင် အယ်နီညိုဖြစ်စဉ်ကိုကြုံတွေ့ရတဲ့နှစ်တွေမှာ နောက်ဆက်တွဲရိုက်ခက်မှုတွေဖြစ်တဲ့ အင်အားပြင်း မုန်တိုင်းဝင်ရောက်နိုင်တဲ့အခြေအနေ၊ မုတ်သုံအဝင်နောက်ကျကာ မုတ်သုံကာလတိုတောင်း စေတာ ကြောင့် မုတ်သုံမိုးကို မှီခိုအားထားရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်နိုင်တဲ့အခြေအနေစတဲ့ အခြေ အနေတွေကိုလည်း ကြိုတင်သတိထားဖို့လိုအပ်မယ်လို့ မိုးလေဝသပညာရှင်တွေကလည်း သတိပေးပြော ဆိုကြပါတယ်။