မင်းတပ် လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၁ဦးသေဆုံး ၃ဦးဒဏ်ရာရ၊ လေကြောင်းသတိပေးချက် ပအဖထပ်ထုတ်ပြန်

ပုံအညွှန်း။ ။ မတ်လ ၂ရက်နေ့က မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ကြဲချ ခဲ့သော ပေါင်၅၀၀ ဗုံး အပိုင်းအစများ(ပုံဟောင်း) \ ဓာတ်ပုံ။ ။ HkL Mindat

ပုံအညွှန်း။ ။ မတ်လ ၂ရက်နေ့က မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ကြဲချ ခဲ့သော ပေါင်၅၀၀ ဗုံး အပိုင်းအစများ(ပုံဟောင်း) \ ဓာတ်ပုံ။ ။ HkL Mindat

ကိုခင်မောင်

(မဇ္စျိမ) ။              ။ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ရမ်ပန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က သတင်းထုတ်ပြန်သည်။

ရမ်ပန်းကျေးရွာကို  စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၄ ရက်) ည ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်  ပေါင်၅၀၀နှင့် ပေါင် ၂၅၀ဗုံး လေးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“တိုက်ပွဲမရှိဘဲ ပြည်သူတွေရှိတဲ့နေရာကို ဗုံးလာကြဲတာပါ။လွန်ခဲ့တဲ့ တပတ်လောက်မှာလည်း ချပ်ကျေးရွာကို ဒီလိုပုံစံမျိုးလုပ်ခဲ့တယ်။ မင်းတပ်မြို့နယ်မှာ အားလုံးသိတဲ့အတိုင်း တိုက်ပွဲမရှိဘူးဆိုပေမယ့် အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အသက်၆၀အရွယ်အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးသုံးဦးသည် ခန္ဓာကိုယ်၌ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။အိမ်သုံးလုံးလည်း ပျက်စီးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ထုတ်ပြန်သည်။

ပုံအညွှန်း။ ။ မတ်လ ၂ရက်နေ့က မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ကြဲချ ခဲ့သော ပေါင်၅၀၀ ဗုံး အပိုင်းအစများ(ပုံဟောင်း) \ ဓာတ်ပုံ။ ။ HkL Mindat

စစ်ကောင်စီတပ်သည်  မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများနှင့် အရပ်သားနေအိမ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေ၍ ယင်းနေရာများ၌ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များကျင်းပခြင်း လုံးဝမပြုလုပ်ရန်၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ ခိုင်ခန့်စွာ ဆောက်ထားကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  ဇွန်လ ၄ ရက်တွင် ထပ်မံ သတိ ပေးထားသည်။

“ပြည်သူတွေကတော့ လူနေအိမ်တွေမှာ မနေရဲကြတော့ဘူး။ တခြားနေရာတွေရှောင်ရှားနေကြတာရှိတယ်။ ကျွန်တော်တို့ကတော့ ပြောတာက ဘယ်မှာပဲနေနေ တောမှာပဲနေနေ၊ ဘယ်လိုပဲနေနေ၊ ဗုံးခိုကျင်းတွေတည်ဆောက်ရမယ်။ဗုံးခိုကျင်းက လူတွေရဲ့အသက်ကို ကယ်နိုင်တယ်ဆိုတာ ကျွန်တော်တို့က ကြုံတွေ့ခဲ့ပြီးပြီ။ဒါကြောင့် ထပ်မံတိုက်တွန်းချက်ထုတ်ပြန်ထားတာပါ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တာဝန်ရှိသူက ပြောသည်။

မေလ ၃၁ ရက်တွင်လည်း  မင်းတပ်မြို့နယ် တိုက်နယ်(၂)ရှိ  ချပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။ဧပြီလ ၂၅ရက်ညက မင်းတပ်မြို့နယ်၊တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံအား စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ  လူနာငါးဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရရှိကာ ဆေးရုံနှင့် ဆေးရုံသုံးပစ္စည်းများမီးလောင်ပျက်စီးသွားကြောင်း  ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ၁ရက်မှမေလ ၂ရက်အတွင်းမင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၆ကြိမ်ပြုလုပ်ခဲ့ပြီး  ဘုရားကျောင်း၊ စာသင်ကျောင်း နှင့် လူနေအိမ်များအပါအဝင် အဆောက်အအုံ၃၀နီးပါးပျက်စီးသွားကြောင်း ချင်းကာကွယ်ရေးတပ်(မင်းတပ်)က မေလ ၃ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း