ဖလမ်းမြို့ဒေသခံများ ဘဏ်အပ်ငွေ ထုတ်ယူမှုများဟုဆို

ရုပ်သံအညွှန်း ။ ။ ဇွန်လအစောပိုင်းက ဖလမ်းမြို့ မြန်မားစီးပွားရေးဘဏ်တွင် ဘဏ်အပ်ငွေထုတ်ယူရန်တန်းစီနေသည့်မြင်ကွင်း \ ရုပ်သံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ဒေသခံများသည် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဆိုသည့် သတင်းကြောင့် ဘဏ်တွင်အပ်ထားသည့်ငွေများ ထုတ်ယူမှုများလာပြီး အချို့ဒေသခံများကလည်း စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

မေလ နောက်ဆုံးပတ်ခန့်မှစ၍ ဖလမ်းမြို့ရှိ ကမ္ဘောဇဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် နေ့စဉ်နှင့်အမျှ ငွေထုတ်ယူသူများလာပြီး တခါထုတ် ကျပ် ၁၀ သိန်းသာ ထုတ်ပေးကာ ဘဏ်စာအုပ်တခုကို တပတ်တွင် တခါသာထုတ်ပေးကြောင်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ထဲမှာ ကြိုက်သလောက် ထုတ်လို့ရသေးတယ်။ အခုတော့ ငွေထုတ်ချင်တဲ့သူ အရမ်းများလာတော့ KBZဘဏ်မှာ လူတယောက်က တပတ်မှ တခါပဲထုတ်ခွင့်ရှိတယ်။ ဒါတောင်ကျပ် ၁၀ သိန်းအထိပဲ ထုတ်ပေးတာပါ။ ထုတ်တဲ့အခါမှာ ဘဏ်စာအုပ်ကို ထပ်လိုက်တယ်၊ တပတ်လောက်နေတဲ့အခါမှ ကိုယ့်အလှည့်ရောက်တာ။ မြန်မာ့စီးပွားရေးဘဏ်မှာလည်းအတူတူပဲ၊ ငွေထုတ်ချင်တဲ့သူတွေ နေ့တိုင်းတန်းစီနေကြတာ။ တိုကင်ယူတန်းစီစနစ်နဲ့ လုပ်ကြတယ်။” ဟု ဘဏ်တွင် ငွေထုတ်ယူနေသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ရက်နေ့တွင် တွန်းဇံမြို့ကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် တီးတိန်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခဲ့သည်။

ထို့ကြောင့် ဖလမ်းမြို့နေဒေသခံများသည် မြို့သိမ်းတိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်နေကြသောကြောင့် ၎င်းတို့၏ ပစ္စည်းအချို့ကို ကျေးရွာများသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံတဦးကလည်း မဇ္စျိမကို ပြောသည်။

“ဖလမ်းမှာလည်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ်လို့ကြားရတယ်။ သတင်းအမှန်လား ကောလာဟလပဲလားတော့ မသိဘူး။ တွန်းဇံနဲ့တီးတိန်ဘက်ကလို နေအိမ်တွေ မီးရှို့ခံရမှာကြောက်လို့ ရွာကအမျိုးတွေဆီကို အချို့ပစ္စည်းတွေ ရွှေ့ထားတယ်။ တချို့လည်းမြို့ထဲကနေ ထွက်ခွာနေကြပြီ” ဟု ဖလမ်းမြို့နေ နောက်ထပ်ဒေသခံတဦးမှ ပြောသည်။

လက်ရှိ ဖလမ်းမြို့တွင် ဒေသခံအချို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်သို့ ကြိုတင်ပြီးစစ်ဘေးတိမ်းရှောင်နေကြသကဲ့သို့ ရွာတွေဘက်သို့ စစ်ဘေးရှောင်သူများလည်းရှိပြီး ဌာနဆိုင်ရာရုံးများ ဆက်လက်ဖွင့်ထားသောကြောင့် Non CDM များနှင့် အချို့ဒေသခံများ ကျန်ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ရက်နေ့ ည ၈နာရီအချိန်ခန့်တွင် ဖလမ်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ဖွဲ့များ အပြန်လှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း CNDF တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် မြို့သိမ်းတိုက်ပွဲစတင််ခြင်းမဟုတ်ဘဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန် ဖလမ်းမြို့ပေါ်တွင် ပြင်ဆင်မှုများလုပ်နေချိန် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်( CNDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထွဋ်က မဇ္စျိမကို ပြောသည်။

ဖလမ်းမြို့နှင့် အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် ကောလာဟလ သတင်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုလုပ်ကြဘဲ မိမိနေအိမ်တွင် မစိုးရိမ်ဘဲ နေထိုင်ကြရန် ဖလမ်းလူမှုရေးအသင်းမှ မေလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဆိုသည့် သတင်းကြောင့်ချင်းပြည်နယ် မတူပီမြို့ဒေသခံများသည်လည်း မြို့တွင်းမှ နီးစပ်ရာ ကျေးရွာများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မတူပီမြို့ခံတဦးထံမှ​ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)