မြဝတီနှင့်ဖာပွန်တွင် ဧပြီလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၄၀၀ ကျော်သေဆုံး

ပုံအညွှန်း- ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်းမှ မှတ်တမ်းဓါတ်ပုံများ (ဓါတ်ပုံ- MOD)

ပုံအညွှန်း- ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်းမှ မှတ်တမ်းဓါတ်ပုံများ (ဓါတ်ပုံ- MOD)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီနှင့် ဖာပွန်မြို့နယ်တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၄၃၀ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ယမန်နေ့ (မေလ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

ဧပြီလအတွင်း ဖာပွန်မြို့ မြို့သိမ်းတိုက်ပွဲ၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ခမရ (၃၅၇)၊ သင်္ဃန်းညီနောင်ဗျူဟာ စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှထိခိုက်မှုများကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များကို လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း စသည့် စစ်ဆင်ရေးပေါင်း ၄၅၈ ကြိမ်ပြုလုပ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၃၀ ဦး သေဆုံးသည့်အပြင် ၂၄၁ ဦး ဒဏ်ရာရပြီး လက်နက်ချအညံ့ခံသူ ၅၇ ဦးကို ဖမ်းမိခဲ့သည်ဟု MOD တောင်ပိုင်းစစ်ဒေသပြန်ကြားရေးက ထုတ်ပြန်ထားသည်။လက်နက်၊ ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်တွင်လည်း ရဲဘော် ၃၂ ဦးကျဆုံး၍ ၁၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။တိုက်ပွဲကာလ၌ စစ်ကောင်စီက ကျေးရွာများအတွင်း လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ပြည်သူလေးဦးသေဆုံး၍ ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မြဝတီနှင့် ဖာပွန်မြို့နယ်အတွင်း ဧပြီလက တိုက်ပွဲများ၌ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်ပြုချက်မရရှိသေးပေ။အဆိုပါ စစ်ဆင်ရေးများကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF၊ Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဟု MOD တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ဖာပွန်မြို့ကို ဆက်လက်ထိန်းချုပ်ထားကြောင်းနှင့် မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ​၏ တပ်မ (၅၅)နှင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) လက်အောက်ခံတပ်များကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

စာတည်း-အေးချမ်း