စစ်ကောင်စီလက်ထက် အပိုင်းပိုင်းကွဲသွားသော ပညာရေး

ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသော ပညာရေး သပိတ်စစ်ကြောင်းတခုကို တွေ့ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသော ပညာရေး သပိတ်စစ်ကြောင်းတခုကို တွေ့ရစဉ် (ပုံဟောင်း)

(ဓားရိုင်း)

စစ်အာဏာသိမ်းမှုကြောင့် ပြိုလဲသွားခဲ့တဲ့ အဓိကစနစ်တွေထဲမှာ ပညာရေးစနစ်လည်းပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို အင်နဲ့အားနဲ့ ပထမဆုံးဆန့်ကျင်ခဲ့ကြသူတွေဟာ ကျောင်းသား ကျောင်းသူတွေနဲ့ ပညာရေး ဝန်ထမ်း တွေဖြစ်ပြီး “CDM ရဲ့အစ ကျောင်းသားတွေက”လို့တောင် ဆိုရမှာဖြစ်ပါတယ်။ ဒီလို စစ်အာဏာရှင်စနစ်ကို အင်နဲ့ အားနဲ့ဆန့်ကျင်ခဲ့တာကြောင့်လည်း တနိုင်ငံလုံးမှာလည်ပတ်နေတဲ့ စစ်ကောင်စီရဲ့ ပညာရေးစနစ်တခုလုံး နေ့ချင်း ညချင်း ရပ်သွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) အစားထိုး ပညာရေးဝန်ထမ်းတွေ၊ ဖိအားပေးခြိမ်းခြောက်ခံရတဲ့ ကျောင်းသားတွေနဲ့ ပညာရေးစနစ်ကို ဆက်လက်လည်ပတ်ခဲ့ ပေမယ့် “မအောင်မရှိ ငါ့တပည့်”ပညာရေးအဆင့်မျိုးပြန်ရောက်သွားခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးကာလသုံး နှစ်ကျော်အတွင်းရောက်လာချိန်မှာတော့ CDM ကျောင်းသားတွေနဲ့ တော်လှန်ရေးထဲရောက်နေတဲ့ ကျောင်းသား တွေရဲ့ အနာဂတ်မပျောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက ကြားကာလပညာရေးစနစ်ကိုဖော်ဆောင်လာနိုင်ခဲ့သလို ပုဂ္ဂလိကကျောင်းတွေပြန်လည်နိုးထလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီမှုယူပြီး လွတ်မြောက်နယ်မြေတွေအသီးသီးရသွားခဲ့ တဲ့ တိုင်းရင်းသားဒေသတချို့မှာလည်း ကိုယ်ပိုင်ပညာရေးအစီအစဉ်တစ်ခုထပ်တိုးပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါ တယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီ ပညာရေး၊ NUG ပညာရေး၊ ပုဂ္ဂလိက ပညာရေးနဲ့ တိုင်းရင်းသားဒေသတွေက ပညာရေးဆိုပြီး အပိုင်းပိုင်းကွဲထွက်သွားတာကို တွေ့ရပါတယ်။

အထက်မှာဆိုခဲ့သလို CDM အစားထိုး ဆွဲခန့် ဆရာ/ဆရာမတွေနဲ့ ခရီးဆက်နေခဲ့တဲ့ စစ်ကောင်စီလက်အောက်က ပညာရေးစနစ်ဟာ “မအောင်မရှိ ငါ့တပည့်” ပညာရေးအဆင့်မျိုးသာနဲ့ ဟန်မပျက်ရှေ့ဆက်နေတာဖြစ်ပြီး အထိန်း အကွပ်မဲ့နေခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေအတွက် စီးပွားရှာလို့ကောင်းတဲ့

ပညာရေးစနစ်မျိုးဖြစ်နေခဲ့တာပါ။ ဒီပညာရေးစနစ်ကို မနှစ်မြို့ပေမယ့် ကျောင်းသားမိဘအများစုဟာ ပုဂ္ဂလိကကျောင်းတွေ ဈေးနှုန်းမြင့်တက်လာတာ၊ လုံခြုံမှုမပေးနိုင်တာ၊ ကြားကာလပညာရေးစနစ်ဟာလည်း အားနည်းချက်နဲ့ အာမခံချက်တချို့လစ်ဟာနေတာ၊ အချိန်ကာလကြာမြင့်လာတဲ့အပေါ် သားသမီးတွေရဲ့ပညာရေး လစ်ဟာလာမှုအပေါ်စိုးရိမ်ပြီး စစ်ကောင်စီကျောင်းတွေကိုပြန်လည်ရွေးချယ်သွားတဲ့ ကျောင်းသားမိဘတွေလည်း များလာတာတွေ့ရပါတယ်။

အထူးသဖြင့် အွန်လိုင်းကနေဖွင့်လှစ်ခဲ့တဲ့ FOEIM ကြားကာလပညာသင်ကျောင်းမှာ ကျောင်းတည်ထောင်သူနဲ့ စီမံခန့်ခွဲသူတွေအကြား ပြဿနာတက်ခဲ့ကြသလို စာသင်ကြားနေတဲ့ ကျောင်းသားတွေ ရဲ့ မိဘနာမည်တွေ၊ ဖုန်းနံပါတ်၊ အီးမေး စတဲ့အချက်လက်တွေ ပေါက်ကြားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးနောက် ကျောင်းသားမိဘတချို့ဟာ သူတို့သားသမီးတွေကို ကြားကာလပညာသင်ကျောင်းကနေ ပုဂ္ဂလိကကျောင်းတွေကိုပြောင်း လဲအပ်နှံလာခဲ့တာ ဖြစ်ပါတယ်။ ဒီကာလမှာ ပုဂ္ဂလိကကျောင်းတွေဟာလည်း စစ်တပ်အာဏာမသိမ်းခင်ကထက် ပိုလို့တောင်များ လာပြီး ပညာရေးဈေးကွက်သစ်တခုလိုတောင်ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ တန်ဖိုးကြီးကြီးပေးပြီးတက်ရတဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့သင်ကြားရေးပိုင်းဟာ နိုင်ငံတကာသင်ရိုးတွေကို အခြေခံထားတယ်ဆိုပေမယ့် စစ်ကောင်စီကျောင်းတွေနဲ့ သိပ်ပြီးကွာခြားမှုမရှိတာကြောင့် ကျောင်းသားမိဘတွေ အတွက် စိတ်ကြိုက်ပညာရေးဖြစ်မလာခဲ့ပါဘူး။ ကျောင်းသားတွေအပေါ် လုံခြုံတဲ့ စောင့်ရှောက်မှု မပေးနိုင်တာ၊ ဆရာ/ဆရာမ အပြောင်းအလဲများတာ၊ ကလေးတွေကို ဂရုစိုက်မှု အားနည်းတာ၊ ကျောင်းစရိတ်တွေ မြင့်တက် လာတာကြောင့် နောက်ဆုံးမှာ သားသမီးတွေကိုကျောင်းထုတ်ခဲ့ရတဲ့ မိဘတွေများလာပါတယ်။

လက်ရှိ စီးပွား ရေးအခြေအနေနဲ့ နိုင်ငံခြားသွားပြီး စာသင်ခိုင်းဖို့လည်း မတတ်နိုင်၊ နိုင်ငံတကာကျောင်းတွေထား ဖို့လည်း လက်လှမ်းမမှီလို့ နောက်ဆုံးမှာ ကလေးအတန်းတက်ဖို့ကိုပဲဦးစားပေးပြီး စစ်ကောင်စီကျောင်းကို ပြန်ပြောင်းခဲ့ရတယ်လို့ ကျောင်းသားမိဘတချို့က ဆိုခဲ့ကြပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန အောက်ကနေ လည်ပတ်နေတဲ့ အခြေခံပညာကျောင်းတွေမှာ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် မေလ ၂၃ ကနေ ဇွန်လ ၂ ရက်အထိ ကျောင်းအပ်တာကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ဇွန်လ ၃ ရက်မှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းတွေစဖွင့်တော့မှာဖြစ်ပါတယ်။ ကျောင်းအပ်တာကို စတင်လက်ခံတဲ့ မေလ ၂၃ ရက် တရက်တည်းမှာတင် ကျောင်းအပ်သူ ၁,၇၉၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က ကျောင်းစပြီး လက်ခံတဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်က ၁၃ သိန်းကျော်ပဲရှိခဲ့တာကြောင့် ဒီနှစ်မှာ စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ ကျောင်းအပ်သူတွေ ပိုများလာတာတော့အမှန် ပါပဲ။ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်ကလွဲလို့ နေရာတော်များများမှာ စစ်ကောင်စီ စီမံအုပ်ချုပ်မှုနဲ့သွားနေတဲ့ကျောင်းတွေ အများစု ဆက်လက်လည်ပတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တဘက်မှာ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ ကိုယ်ပိုင်နယ်မြေတွေ ပြန်လည်ထိန်းချုပ်ခွင့်ပြန်ရလာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကိုယ်ပိုင်စီမံခန့်ခွဲမှုနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့လုပ်နေခဲ့ပါတယ်။ သင်ရိုးကတော့ အရင်အစိုးရအဆက်ဆက်ရေးဆွဲထားခဲ့တဲ့ သင်ရိုးတွေကို အများစုကပြန်သုံးကြမယ်လို့သိရပါတယ်။ သူငယ်တန်း KG ကနေ ၁၂ တန်းအထိ တက်ရောက်ရမှာဖြစ်ပေမယ့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာတစ်ခုကို ထပ်တိုးသင် ကြားရမှာဖြစ်ပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းပေါင်း ၅၀၀ နီးပါးဖွင့်လှစ်ဖို့စီစဥ်ထားပြီး ဇွန်လ ၁၀ ရက်မှာ အခြေပညာကျောင်းတွေကို စတင်ဖွင့်လှစ် သွားမယ်လို့ TNLA ကဆိုထားပါတယ်။ CDM ပညာရေးဝန်ထမ်းတွေနဲ့လည်ပတ်တာကြောင့် ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ လစာပေးဖို့ ကျောင်းလခ ကောက်ခံမယ်လို့လည်း ဆိုထားပါတယ်။

ကရင်နီပြည် ကြားကာလအစိုးရ (IEC) ကလည်း သူတို့ဒေသမှာ အခြေခံပညာကျောင်းတွေကို ဖွင့်လှစ်ဖို့စီစဥ် နေပြီး အရင်နှစ်ကအတိုင်း ကျောင်း ပေါင်း ၃၀၀ ကျော် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြေခံပညာ အဆင့်နဲ့ အဆင့်မြင့်ပညာအဆင့် ကျောင်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆရာ/ဆရာမတွေအတွက် TOT သင်တန်းပို့ချတာတွေကိုလည်း လုပ် ဆောင်နေပြီလို့ ကရင်နီပြည်နယ် ကြားကာလအစိုးရရဲ့ အတွင်းရေးမှုး(၂) ကိုဗညားကပြောထားပါတယ်။

စစ်ဆင်ရေး ၁၀၂၇နဲ့ အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကလည်း ဟိုပန်နဲ့ ပန်လုံမြို့တွေ ကို ထပ်မံထိန်းချုပ်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ ဒီဒေသတွေမှာတော့ စစ်ကောင်စီပညာရေးသင်ရိုးအတိုင်း ဆက်သွားဖို့ရှိနေပါတယ်။ UWSA က အဲဒီဒေသတွေမှာ ကျောင်းတွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့

သင်ရိုး အတိုင်းဆက်ထားပြီး ဆရာ/ဆရာမ ခန့်အပ်မှုအပိုင်းတွေသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိပညာသင်နှစ် အတွက် ဆရာ/ဆရာမ အသစ် ၅၀ ကျော်ကို သုံးနှစ်စာချုပ်နဲ့ ခန့်ထားပြီး တယောက်ကို လစာ တရုတ်ငွေ ယွမ် တထောင် (မြန်မာငွေ ငါးသိန်းကျော်) လစာပေးထားတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အပိုင်းပိုင်း ကွဲထွက်သွားတဲ့ ပညာရေးစနစ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးစနစ်ကတော့ ထောက်ခံမှုအများဆုံးနဲ့ ရှေ့ကနေပြေးနေခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာသင်ရိုးတွေကို အခြေခံပြီး CDM ဆရာ/ ဆရာမတွေကလည်း နည်းစနစ်မှန်မှန်နဲ့ သင်ကြားနေတာ ကြောင့် အထိုက်အလျောက် အောင်မြင်မှုတွေရလာနေ တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ NUG ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်ခြင်းရလဒ်တွေထုတ်ပြန်တာနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနနဲ့ CDM ကျောင်းသားတွေကြား နားလည်မှု အကြီးကြီးလွဲစရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့ ရတာကတော့ စိတ်မသက်သာပါပဲ။ ဖြေဆိုသူကျောင်းသားတချို့ကို Cancel ဖြစ်ကြောင်း အီးမေးတစောင်ပို့ပြီး ကျရှုံးတဲ့သဘောမျိုးတုံ့ပြန်ခဲ့တာ၊ ရလဒ်ကိုမကျေနပ်လို့ Complaint form ပြန်တင်ချင်ရင် အဲဒီအတွက် ကျပ် ၃၀,၀၀၀ ပေးရမယ်ဆိုတဲ့တုံ့ပြန်ချက်တွေဟာ အတော်လေး ဂယက်ရိုက်သွားခဲ့တာ တွေ့ရပါတယ်။

စည်းကမ်းတကျဖြေဆိုခဲ့သူ ကျောင်းသားတချို့ Cancel စာရင်းမှာပါသွား ခဲ့ပြီး ဘာကြောင့်ဆိုတာမသိရဘဲ အီးမေးတစောင်တည်းနဲ့တုံ့ပြန်ခဲ့တာက NUG ပညာရေးဝန်ကြီးဌာနနဲ့ CDM ကျောင်းသားတွေကြား နားလည်မှုတွေ အလွဲကြီး လွဲကုန်စေတာတွေ့ခဲ့ရပါတယ်။ စစ်ကောင်စီလက်အောက်က ပညာရေးစနစ်မှာတောင် ကျောင်းသားတယောက်အနေနဲ့ ကျရှုံးစာရင်းကို အလွယ်တကူထုတ်ယူကြည့်ခွင့်ရနေ ချိန်မှာ အခုလို NUG ပညာရေးဝန်ကြီးဌာနရဲ့တုံ့ပြန်ချက်နဲ့ ပညာရေး ဒုဝန်ကြီးရဲ့လိုင်းပေါ်မှာ CDM ကျောင်းသား တွေအပေါ်တုံ့ပြန်ခဲ့မှု တွေဟာ မမှားသင့်တဲ့လုပ်ရပ်တွေဖြစ်ပြီး ဆင်ခြင်သင့်တဲ့ အမှားမျိုးတွေဖြစ်ပါတယ်။ ဒီအဖြစ် အပျက်တွေဖြစ်ပြီး မကြာခင်မှာပဲ Complaint form ကြေးပေးရမယ့်အစီအစဉ်ကို NUGက ရပ်ဆိုင်းခဲ့တာတွေ့ရပါတယ်။

စစ်ကောင်စီ ကျောင်းတွေဆီကို CDM ကျောင်းသားတွေနဲ့ မိဘတွေ ပြန်လည်မျက်စိလည်လမ်းမှားလာချိန်မှာ CDM ကျောင်းသားတွေအတွက် တခုတည်းသောမျှော်လင့်ဖြစ်တဲ့ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီထက် ပိုတဲ့ပညာရေးစနစ်နဲ့ အာမခံချက်တွေကို ချပြဖို့တော့လိုအပ်နေပြီလို့ ထင်မြင်ယူဆမိပါတယ်။