အိုးဘိုထောင်တွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေဟု PPNM ပြော

မန္တလေး ဗဟိုအကျဉ်းထောင် (ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။မန္တလေးမြို့ အိုဘိုအကျဉ်းထောင်တွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

အိုးဘိုထောင်၏ တည်ဆောက်ပုံအရ အကျဉ်းသား ၃,၀၀၀ ဝန်းကျင်သာဆန့်သော်လည်း စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကြောင့် လက်ရှိတွင် အကျဉ်းသား ၅,၀၀၀ နှင့်အထက်ရှိနေကာ ၄၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံရေးနှင့်ဆက်စပ်၍ အကျဉ်းကျနေသူများဖြစ်ကြောင်း (PPNM) ဦးဆောင်ကော် မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။

လက်ရှိတွင် လူဦးရေ ၅၀ ခန့်သာဆန့်သည့် အဆောင်များတွင် လူ ၁၀၀ မှ ၂၀၀ အထိ ပြည့်ကျပ်စွာထား ကြောင်း သိရသည်။

လူဦးရေများပြားလာမှုကြောင့် တဦးနှင့်တဦး ထပ်လုနီးပါးအိပ်စက်နေရခြင်း၊ မိုးဦးကာလ၌ အဝတ်များ မခြောက်ဘဲဝတ်မိခြင်း၊ အကျဉ်းထောင်မှထုတ်ပေးသည့် တူညီဝတ်စုံများ မှားယွင်းဝတ်ဆင်မိမှုရှိသဖြင့် အရေပြားရောဂါများ ကူးစက်ပြန့်ပွားနေခြင်းဖြစ်ကြောင်း ဆိုသည်။

“အဓိကတော့ ပွေး၊ ဝဲ၊ ယားနာ၊ အနာစိမ်းလိုတွေ ပေါက်တယ်၊ ပွေးက အများဆုံးဖြစ်တယ်။ လူဦးရေ အများအပြား ကြပ်ကြပ်တည်းတည်းအိပ်ကြရတဲ့အခါမှာ ကိုယ်က သန့်သန့်ရှင်းရှင်းနေသည့်တိုင်အောင် ကိုယ့်ဘေးမှာအိပ်တဲ့သူနဲ့ အသားချင်းထိမိတယ်လေ၊ ကပ်ပြီးအိပ်နေကြတာဆိုတော့။ အဲဒီမှာ ပွေးဝဲယား နာတွေကူးစက်ပြီး အနာတွေ ဖြစ်တာရှိတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

အလားတူ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးမိခင်များနှင့် ကလေးငယ်များလည်း အပူနာများ၊ ယားနာများ ကူးစက်ခံစားနေကြရကြောင်း သိရသည်။

“ဆေးဝါးကုသမှုက အခြားအကျဉ်းသားတွေထက် စောင့်ရှောက်မှုပိုရပေမယ့် အပြင်က ကိုယ်ဝန်ဆောင် အမျိုးသမီးကို မိသားစုက စောင့်ရှောက်သလောက် မရှိဘူး” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

အိုးဘိုထောင်ကဲ့သို့ပင် မြင်းခြံ၊ ကလေး အကျဉ်းထောင်များတွင်လည်း နုန်းအနှစ်များပါသည့် မသန့်ရှင်း သောရေများ သောက်သုံးနေရခြင်း၊ ချိုးရေ၊ သုံးရေ မသန့်ရှင်းခြင်းတို့ကြောင့် အရေပြားရောဂါများ ခံစား နေရကြောင်း PPNM ၏ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ