အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မံဆောင်းတံတားကို စစ်ကောင်စီတပ် မိုင်းခွဲဖျက် ဆီး

ယနေ့ (ဇွန်လ ၈ ရက်)တွင် စစ်ကောင်စီတပ်များ ဖောက်ခွဲဖျက်စီးသွားသော မံဆောင်းတံတား/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မံဆောင်းတံတားကို ယနေ့ (ဇွန်လ ၈ ရက်) မွန်းတည့် ၁၂ နာရီတွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၇၀ ကျော်ပါရှိသော စစ်ကောင်စီတပ်များသည် တီးတိန်မြို့မှ ခုနစ်မိုင်ခန့်အကွာရှိ မဏိပူရမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော မံဆောင်းတံတားကို မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

“မနက်မိုးမလင်းသေးဘူး စစ်သားတွေ လမ်းဇန်ရွာကိုရောက်လာတယ်။ ရွာထဲက မနက်ခင်း ဘုရား ကျောင်းမှာ ဆုတောင်းတဲ့သူတွေကို အပြင်ကနေသော့ခတ်ထားတယ်။ ပြီးတော့ မံဆောင်းတံတားဘက် ကို ဆင်းသွားတာ။ နေ့လယ်လောက်ကျတော့ မံဆောင်းကို မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးတယ်။ စစ်ကောင်စီ တပ်တွေ ပြန်လှည့်လာတဲ့အချိန် ဘုရားကျောင်းမှာသော့ခတ်ထားတဲ့သူတွေကို ပြန်ဖွင့်ပေးတယ်” ဟု လမ်းဇန်ဒေသခံတဦးမှ မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်၏ မိုင်းဖောက်ခွဲဖျက်ဆီးမှုကြောင့် မံဆောင်းတံတားသည် အသုံးပြု၍မရတော့အောင် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ လမ်းဇန်ကျေးရွာသို့ဝင်ရောက်ချိန်တွင် သေနတ်များပစ်ဖောက်ဝင်လာသဖြင့် ဒေသခံများထိတ်လန့်ကာ ထွက်ပြေးနေကြပြီး အချို့ကျန်ရှိနေသောလူငယ်များကိုလည်း လူနေအိမ် တိုက် ခန်းတခုတွင်စုထားကာ ၎င်းတို့ စစ်ကြောင်းပြန်လှည့်ချိန်မှ ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများကဆို သည်။

ကလေး-တီးတိန်-လမ်းဇန်-လိုင်းတွီး- ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ မံဆွောင်းတံတားသည် လမ်းဇန်-လိုင်းတွီးရွာကြားတွင်တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော တံတားဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်များတိမ်းရှောင်ရာတွင် မံဆောင်းတံတားမှဖြတ်သန်းနေ ကြသလို တီးတိန်-ကလေးမြို့လမ်းပိတ်နေစဥ် အဆိုပါတံတားကိုအသုံးပြုကာ အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့မှစ၍ PDF Zoland ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်ရှိတွင် နှစ်ဖက် စစ် ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ