ကမ္ဘောဒီးယားရှိ တူးမြောင်းစီမံကိန်းမှတဆင့် ဗီယက်နမ်အနီးသို့ တပ်များစေလွှတ်မည့် တရုတ်၏အစီအစဉ်

မဇ္ဈိမ

မြို့တော်ဖနွမ်းပင် ဆိပ်ကမ်းကို ကမ္ဘောဒီးယားကမ်းရိုးတန်းနှင့် ဆက်သွယ်ပေးမည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ရေကြောင်းသွားလာရေး တူးမြောင်းတခု တည်ဆောက်မည့် ကမ္ဘောဒီးယား၏အဆိုပြုချက်ကြောင့် ဗီယက်နမ်တွင် စိုးရိမ်ကြောင့်ကြမှုများ ပေါ်ပေါက်လာသည်။ အဆိုပါစီမံကိန်းသည် တရုတ်စစ်တပ်အတွက် ပိုမိုနေရာယူတပ်ဖြန့်မှုကို လွယ်ကူချောမွေ့စေမည်ဖြစ်သောကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

ကီလိုမီတာ ၁၈၀ ရှည်လျားကာ ဗီယက်နမ်နယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံ ကမ်းရိုးတန်းရှိ ကပ်ပြည်နယ်အထိရှိမည့်  Funan Techo တူးမြောင်းစီမံကိန်းကို တရုတ်အစိုးရပိုင် တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (China Road and Bridge Corporation) မှ တာဝန်ယူဆောက်လုပ်မည်ဟု ခန့်မှန်းရသည်။ အဆိုပါစီမံကိန်းကို တည်ဆောက်-လည်ပတ်-လွှဲပြောင်း သဘောတူညီချက်အရ  အကောင်အထည်ဖော်ကာ ကော်ပိုရေးရှင်းအနေဖြင့် တူးမြောင်းတည်ဆောက်မှုအတွက် ပြန်ပေးငွေအဖြစ် နှစ် ၅၀ ခန့် စီမံခန့်ခွဲခွင့်ရမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၂၄  ခုနှစ်တွင် စတင်ကာ ၂၀၂၈  ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် မျှော်မှန်းထားသည်။

ကမ္ဘောဒီးယားအာဏာပိုင်များက တူးမြောင်းသည် ဗီယက်နမ်ဆိပ်ကမ်းများမှတဆင့် ဖြတ်သန်းရမည့်လိုအပ်မှုကို ရှောင်လွှဲနိုင်ကာ ကမ္ဘောဒီးယား ကုန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲနိုင်ကြောင်း အလေးပေးပြောဆိုလျက် တူးမြောင်း၏ အကျိုးကျေးဇူးများကို အသံကောင်းဟစ်လျက်ရှိသည်။
ဝန်ကြီးချုပ် ဟွန်မာနက်က စီမံကိန်းသည် နိုင်ငံရပ်ခြားကြွေးမြီများမတိုးစေဘဲ အဆိုပြုထားသော တူးမြောင်းလမ်းကြောင်းတလျှောက် နေထိုင်သူ ၁ ဒသမ ၆ သန်းအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် အလားအလာများကို အလေးထားပြောခဲ့သည်။ သို့သော် ဗီယက်နမ်အစိုးရ ပံ့ပိုးပေးထားသည့် အဖွဲ့အစည်းတခုနှင့် ဆက်စပ်နေသော သုတေသီများက သတိပေးချက်တခု အသံပြုလာသည်။ တူးမြောင်းသည် လူမှုစီးပွားတိုးတက်မှုကို မြှင့်တင်ရင်း ဗီယက်နမ်၏နယ်စပ်အနီး ကမ္ဘောဒီးယားပိုက်နက်တွင် တရုတ်စစ်တပ်များ ပိုမိုထိုးဖောက်နိုင်စေခြင်းဖြင့်  နှစ်မျိုးသုံးရည်ရွယ်ချက် ဖြစ်လာနိုင်သည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Funan Techo တူးမြောင်းရှိ ရေတံခါးများက ထိုင်းပင်လယ်ကွေ့ သို့မဟုတ် ရီမယ်ရေတပ်စခန်းမှ ဝင်ရောက်လာမည့် တရုတ်စစ်ရေယာဉ်များအတွက် လိုအပ်သော ရေအနက်ကို ဖန်တီးပေးနိုင်ပြီး ကမ္ဘောဒီးယားသို့ ထဲထဲဝင်ဝင် ဝင်ရောက်ကာ ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်သို့ ချဉ်းကပ်နိုင်သည်ဟု ဗီယက်နမ် သိပ္ပံနှင့် နည်းပညာအသင်းများ လက်အောက်ရှိ အရှေ့တိုင်းသုတေသနဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သုတေသီ နှစ်ဦးဖြစ်သည့် မစ္စတာဒင့်သီယန်နှင့် မစ္စတာသန်မင်တို့က ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။ ၂၀၂၄ ခုနှစ် မတ်လထုတ် ထိုဆောင်းပါးသည် ပြည်သူ့လုံခြုံရေးနိုင်ငံရေးရာအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် မတ်လ ၁၈ က တင်ထားခဲ့သည့် အကြောင်းအရာကို ကိုးကားရေးသားထားခြင်းဖြစ်သည်။

Funan Techo တူးမြောင်းသည် လူမှုစီးပွား စီမံကိန်းတခုသာမက ကြီးမားသော စစ်ရေးတန်ဖိုးရှိကြောင်းနှင့် ဒေသတခုလုံး၏ ကာကွယ်ရေးနှင့် လုံခြုံရေးအခြေအနေအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သုတေသီနှစ်ဦးက ပြောသည်။

တရုတ်သည် လက်ရှိတွင် ကမ္ဘောဒီးယား၏ ရီယမ်ရေတပ်အခြေစိုက်စခန်းမြှင့်တင်ရေးကို ကူညီပေးလျက်ရှိသည်။ မကြာသေးမီ မတ်လက ရီယမ်တွင် တရုတ်စစ်သင်္ဘောများကို မြင်တွေ့ခဲ့ရသော်လည်း ကမ္ဘောဒီးယားက ထိုအကူအညီအတွက် ၎င်းတို့အခြေစိုက်စခန်းသို့ တရုတ်ရေတပ်ကို ဝင်ရောက်ခွင့်ပေးသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ဗီယက်နမ်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် အပြိုင်အဆိုင် နယ်မြေပိုင်နက်တောင်းဆိုမှုများ ရှိကြသည်။ ဗီယမ်နမ်ပညာရှင်များက အလေးထားဖော်ပြခဲ့သော စိုးရိမ်မှုများတွင် တူးမြောင်းစီမံကိန်း၏ ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို အဓိကအသားပေးထားသည်။

ဗီယက်နမ်က တရားဝင်ထုတ်ပြန်ချက်များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့စဉ်မှာ ကမ္ဘောဒီးယားမီဒီယာများက  မစ္စတာဟွန်မာနက်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဗီယက်နမ်ခရီးစဉ်အတွင်း တူးမြောင်းနှင့် ပတ်သက်၍ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်စင်း၏ စိုးရိမ်မှုများကို လျော့ပါးစေရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ကမ္ဘောဒီးယားအမျိုးသားမဲခေါင်ကော်မတီမှ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင်သော  နိုင်ငံတကာမဲခေါင်မြစ်ကော်မရှင်သို့ ပေးပို့ခဲ့သည့် စာတမ်း၌ Funan Techo တူးမြောင်းသည် အနိမ့်ဆုံးအနက် ၄ ဒသမ ၇ မီတာနှင့် ၅၀ မီတာအကျယ်ရှိမည်ဟု ဖော်ပြထားသည်။ တူးမြောင်းကြောင့်ဖြစ်သည့် သက်ရောက်မှုမှန်သမျှသည် ယာယီသာဖြစ်ပြီး ဆောက်လုပ်ရေးအဆင့်တွင်သာ ဖြစ်မည်ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
သို့သော် တူးမြောင်းသည် ဗီယက်နမ်မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသို့ ရေစီးဆင်းမှု လျော့ကျသွားစေနိုင်ကြောင်း ဗီယက်နမ်သုတေသီများက ၂၀၂၄ ခုနှစ် မတ်လထုတ် ဆောင်းပါးတွင် ရေးသားထားသည်။

အမေရိကန်အခြေစိုက် Stimson စင်တာမှ အရှေ့တောင်အာရှအစီအစဉ်မှုးလည်းဖြစ်  မဲခေါင်မြစ်ကြောင်းစနစ်အား စိတ်အားထက်သန်စွာ လေ့လာသူလည်းဖြစ်သည့်  ဘရိုင်ယန်အိုင်လာက Funan Techo တူးမြောင်းသည် ရေကာတာအဖြစ်လည်း ဆောင်ရွက်နိုင်သည့် အလားအလာရှိကြောင်း ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ အရေးပါသောနေရာများသို့ ရေများ စီးဆင်းနိုင်တော့မည်မဟုတ်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ နှစ်ကုန်ပိုင်း၌ မိုးရာသီနှောင်းပိုင်းအတွင်း မြစ်ရေ စီးဆင်းစဉ် အကျယ် ၅၀ ကီလိုမီတာအထိ ကျယ်ပြန့်သည့် မဲခေါင်မြစ်၏ ကျယ်ပြန့်သော ရေစီးဆင်းမှု သဘောသဘာဝကြောင့်ဖြစ်ကြောင်း အိုင်လာက  The Straits Times သို့ ရှင်းပြသည်။

ထိုတူးမြောင်းသည် ကြီးမားသော ရေပြင်ကို ဖြတ်၍ ဆည်တခုကဲ့သို့ လုပ်ဆောင်မည့် တူးမြောင်းဖြစ်ကြောင်း အိုင်လာက အသေးစိတ်ရှင်းပြသည်။
ပုံမှန်အားဖြင့် မြစ်အောက်သို့ စီးဆင်းမည့် ရေသည် တူးမြောင်းနှင့် တွေ့ကြုံကာ မြေဆွဲအားနှင့် မြေထု၏လျှောစောက်ကြောင့် သမုဒ္ဒရာဆီသို့ ဘေးတိုက် စတင်ပြန့်မည်ဖြစ်သည်။ ထို့ကြောင့် တူးမြောင်း၏တောင်ဘက်တွင် ခြောက်သွေ့သောဧရိယာနှင့် မြောက်ဘက်တွင် ပိုမိုစိုစွတ်သောဒေသကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သို့သော် တရုတ်က တူးမြောင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာသော ဒေသ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို စိတ်မဝင်စားဘဲ ၎င်း၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုသာ ဖြည့်ဆည်းလိုသည်။

ကမ္ဘောဒီးယားပြည်သူ့လုပ်ငန်းနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနသည် တူးမြောင်းစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ဂယက်ရိုက်ခတ်မှုများနှင့် ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ခြင်းမပြုပေ။ တူးမြောင်းဖောက်လုပ်ခြင်းကို၂၀၂၄ တွင် စတင်မည်ဟုမျှော်လင့်ထားသော်လည်း အဆိုပြုထားသောလမ်းကြောင်းတလျှောက်ရှိ ဒေသခံအများအပြားသည် စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာအသေးစိတ်အချက်အလက်များကို မသိရသေးပေ။

တူးမြောင်းဖြတ်သွားမည့် ကန်ဒါလ်ပြည်နယ် ဆမ်ရောင်သွန်ခရိုင် အကြီးအကဲ မစ္စတာချေးဆာမန်က ရွာသားများသည် စီမံကိန်းနှင့် ပတ်သက်၍  အဆက်မပြတ် မေးမြန်းနေပြီး  တူးမြောင်း၏ သဘောသဘာဝ၊ အတိုင်းအတာနှင့် ၎င်းတို့၏ မြေယာအပေါ် သက်ရောက်နိုင်ခြေများကို သိချင်နေကြသည်။ ဒေသခံများသည် ၎င်းတို့မြေယာအတွက် သင့်တင့်မျှတသောတန်ဖိုးကို ရလိုနေကြသည်။ ဒေသခံများက အဆက်မပြတ် မေးမြန်းမှုများရှိသော်ငြား  မစ္စတာချေးဆာမန်က ၎င်းတို့အတွက် တိကျသေချာသော အဖြေမပေးနိုင်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် သူသည် တူးမြောင်းဖောက်လုပ်ခြင်းကို တက်တက်ကြွကြွထောက်ခံသူဖြစ်သည်။ လက်ရှိတွင် ဒေသတွင်း တောင်သူများသည် ၎င်းတို့ထွက်ကုန်များအတွက် ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက်လမ်းကြောင်း မရှိဖြစ်နေပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှတဆင့် ကုန်ပစ္စည်းများကို  ပေးပို့ရသောကြောင့် ကောက်ပဲသီးနှံဈေးနှုန်းများ ကျဆင်းသွားကြောင်း ၎င်းက ထောက်ပြသည်။ အဆိုပါတူးမြောင်းကြောင့် တိုက်ရိုက်တင်ပို့မှုလုပ်ဆောင်နိုင်ပြီး ပို့ကုန်ဈေးနှုန်းများတက်ကာ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း မစ္စတာချေးဆာမန်က ဆိုသည်။

မဲခေါင်မြစ်ဖြတ်သွားရာ ကမ္ဘောဒီးယားရှိ  တရုတ်၏ Funan Techo တူးမြောင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေသည်။ တူးမြောင်းဖောက်လုပ်မှုကြောင့် ဂေဟစနစ်ပုံစံများကို အနှောင့်အယှက်ဖြစ်စေကာ ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ထိခိုက်စေပြီး ရေစီးဆင်းမှု ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် ဒေသခံလူထုနှင့် ဂေဟစနစ်များအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် အဆိုပါစီမံကိန်းသည် ဗီယက်နမ်အနီးတွင် ပိုမိုအားကောင်းသော စစ်အင်အားတပ်ဖြန့်ထားရှိရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် လှုပ်ရှားမှုအဖြစ် ရှုမြင်ရသည်။ သဘာဝပတ်ဝန်းကျင်တိုက်စားမှုနှင့် စစ်ရေးမြှင့်တင်မှုအလားအလာ စသည့် နှစ်မျိုးသက်ရောက်မှုက အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများ၏ ရှုပ်ထွေးသော သက်ရောက်မှုများကို မီးမောင်းထိုးပြနေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိန်းသိမ်းမှုအကြား ဟန်ချက်ညီရန် လိုအပ်ပေလိမ့်မည်။