ပလက်ဝတွင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုမရှိဟု AA ဆို

AAမှ ပလက်ဝမြို့နယ်ကို သိမ်းပြီးနောက် ပလက်ဝ-မီဇိုရမ်ကားလမ်းတွင် ရက္ခိုင့်တပ်တော်(AA)စိုက်ထူထားသော ဆိုင်းဘုတ်ကို တွေ့ရစဥ် ( ဓာတ်ပုံ CJ)

ကိုခင်မောင်


(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဒေသခံများအား အတင်းအဓမ္မ စစ်သားစုဆောင်းမှုမရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

AA သည် အတင်းအဓမ္မ စစ်သားစုဆောင်းရန်မလိုသည့် အဖွဲ့အစည်းဖြစ်ကြောင်း ယနေ့ ဇွန်လ ၈ ရက်တွင် ပြုလုပ်သည့် နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏မေးမြန်းမှုကို ဦးခိုင်သုခက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မှာ စစ်သားအသစ်က ဒီအပတ်စဥ်မှာလူပြည့်ရင် နောက်အပတ်စဥ်မှာလာပါဆိုပြီး ပြောနေတာပါ။ ကျွန်တော်တို့ရဲ့ မူဝါဒမှာ လူငယ်တွေက သူ့ရဲ့ဆန္ဒမပါဘဲ တပ်ထဲဝင်ဖို့ အတင်းအကြပ် စုဆောင်းတယ်ဆိုတာလုံးဝမရှိဘူး။ အရွယ်မရောက်သေးဘဲ လူငယ်တွေ တပ်ထဲဝင်လာတဲ့သူတွေကိုတောင်မှ ကျတော်တို့က သူတို့ရဲ့မိဘတွေကိုပြန်ပို့ပြီး မိဘလက်ထဲပြန်အပ်နေပါတယ်။ အတင်းအဓမ္မ စစ်သားစုဆောင်းတယ်ဆိုတာ ကျတော်တို့အနေနဲ့လက်ခံနိုင်စရာမရှိပါဘူး။” ဟုခိုင်သုခက ပြောသည်။

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အသက်၁၈နှစ်မှ ၄၀နှစ်အတွင်း ချင်းအမျိုးသားများအား စစ်မှုထမ်းရန် AA က အတင်းအဓမ္မစာရင်းကောက်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO)က ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပလက်ဝဒေသခံ လူငယ်များသည် AAအောက်တွင်စစ်မှုမထမ်းလိုသဖြင့် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ယင်းအဖွဲ့ကဆိုသည်။

“ဒေသခံတွေကို စစ်မှုထမ်းဖို့စာရင်းကောက်တယ်။ အဲလိုစာရင်းတွေကောက်လာလို့လည်း ပလက်ဝထဲမှာ မနေရဲတော့လို့ လူငယ်ပိုင်းတွေ စစ်ဘေးရှောင်များလာတာဖြစ်တယ်။ AA ဘက်က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ထိန်းချုပ်ဧရိယာလို ဖြစ်သွားတော့ ကုလားတန်မြစ် တကျော က ရွာတွေ၊ လေးမြို့မြစ်ချောင်း တကျော က ရွာတွေနဲ့ စမီးမြို့အောက်ပိုင်းကရွာတွေမှာ စစ်မှုထမ်းရန်ခိုင်းစေတာများပါတယ်။ ကျေးရွာတွေမှာ အိမ်ထောင်စုစာရင်းတွေကြည့်ပြီး AA တပ်ဖွဲ့တွေက စစ်မှုထမ်းဖို့စာရင်းကောက်တာပါ။” ဟု ပလက်ဝဒေသခံတဦးက မဇ္စျိမကို ပြောသည်။

နောက်ပိုင်းတွင် အသက်မပြည့်သေးသည့် အသက် ၁၅နှစ်အောက် ကျောင်းနေအရွယ်ပါမကျန် စစ်မှုထမ်းရန် ဖိအားပေးနေသောကြောင့် အိန္ဒိယနိုင်ငံနှင့် အခြားလွတ်မြောက်ရာသို့ ပလက်ဝဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်း(GKO)က ထုတ်ပြန်ထားသည်။

ထို့အပြင် ပလက်ဝမြို့နယ်၊ ဘောင်းကူးကျေးရွာနှင့် ဘောင်းဝီကျေးရွာမှ ကျောင်းဆရာ နှစ်ဦးအပါဝင် ဒေသခံ ချင်းအမျိုးသားကိုးဦးကို အာရက္ခတပ်တော်(AA)မှ မေလ ၁၇ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္စျိကိုပြောသည်။

အဖမ်းဆီးခံရသည့် ချင်းအမျိုးသားကိုးဦးသည် ဘောင်ကူးကျေးရွာမှ ဦးကျော်လှ၊ ဦးပျိုလဲ၊ ဦးအောင်ဒိုင်နှင့် ဘောင်ဝီးကျေးရွာမှ ဦးအောင်လင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နင်း၊ ဦးကျော်ထွန်း၊ ဦးအောင်မင်း( ကျောင်းဆရာ)၊ ဦးအောင်စိုး ( ကျောင်းဆရာ)တို့ ပါဝင်ကြောင်း သိရသည်။

“အများပြည်သူလုံခြုံရေးအတွက် တချို့လူပုဂ္ဂုလ်တွေကို လိုအပ်ရင်လိုအပ်သလို ခေါ်ယူစစ်ဆေးမှုတချို့ ရှိကောင်းရှိနိုင်ပါတယ်။ ကျောင်းဆရာနှစ်ဖမ်းဆီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားခြင်းမရှိကြောင်း အခိုင်အမာပြောဆိုလိုပါတယ်။” ဟုလည်း ဦးခိုင်သုခက သတင်းထောက်တဦး၏ အမေးကို ဖြေကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ချင်းအမျိုးသား ကိုးဦးသည် မည်သည့်အတွက်ကြောင့် AA ၏ ဖမ်းဆီးခြင်းခံရသည်ကို မသိကြောင်းနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များ၊ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး