အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံတွင် NUG အား တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် ဖိလစ်ပိုင်တိုက်တွန်း

Ms. Nice S. Coronacion, SENTRO/ Deputy Secretary General, Head of the Workers’ Delegate, Philippines for the 2024 ILC

မဇ္ဈိမ

ဆွတ်စ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် NUG အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th Internation Labour Conference-ILC) (၁၁၂ ) ကြိမ်မြောက်ကို ဇွန်လ ၃ ရက်မှ ၁၄ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား ILO Constitutions များနှင့် အညီ အရေးယူရန်လည်း တိုက်တွန်းထားသည်။

ဖိလစ်ပိုင် အလုပ်သမား ကိုယ်စားလှယ် Sister Nice က “အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိတယ်။ ဖိလစ်ပိုင်မှာဆိုရိုးစကားအတိုင်း ခန္ဓာကိုယ်မှာ အနာတရ တစုံတရာရှိခဲ့လို့ရှိရင် ခန္ဓာကိုယ်တခု လုံးရဲ့ ရောဂါဝေဒနာပါပဲ ဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမားများရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွှယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ် ” ဟု ဇွန်လ ၆ ရက်နေ့တွင်ကျင်းပသည့် ညီလာခံ၌ ပြောကြားခဲ့သည်။

စစ်ကောင်စီက အလုပ်သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အဆက်မပြတ် ဖိနှိပ်ရက်စက်မှုများကို လုံးဝလက်မခံနိုင်ဘဲ ILO ၏ အခြေခံဥပဒေနှင့်အညီ စစ်ကောင်စီအား အရေးယူရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

” ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ( ၃၃) အရ စစ်ကောင်စီအား အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI) ၏ တိုက်တွန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ရန် ညီလာခံတွင် ILO အား တောင်းဆိုပါ တယ်” ဟု Sister Nice က ဆိုသည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသော ILO Convention များဖြစ် သည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)တို့ကို ချိုးဖောက်မှု များနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ ကြောင်းနှင့် (၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များလည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ သန့်ဇော်(သန်လျင်)