သက်တမ်းရှိ PJ နိုင်ငံကူးလက်မှတ်များကို PVပြောင်းလဲလျှောက်ထားခွင့် ရက်အကန့်အသတ်မရှိပိတ်

ကီရာ

မဇ္ဈိမ။ ။သက်တမ်းကျန်ရှိနေသေးသည့် PJ (Passport for Job) အလုပ်အကိုင် နိုင်ငံကူး လက်မှတ်များကို PV ( Passport for Visit) အလည်အပတ် နိုင်ငံကူးလက်မှတ်များအဖြစ် ပြောင်းလဲ လျှောက်ထားခြင်းကို ဇွန်လ ၆ရက်နေ့မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားသည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ကြောင်း မဖော်ပြထားသော်လည်း ထိုသို့အပြောင်းအလဲများလုပ်ဆောင်မှု များပြားလာသဖြင့် ပိတ်ပင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တာဝန်ကျနေသည့်  ရဲဝန်ထမ်းတဦးက ပြောသည်။

PJ ကိုင်ဆောင်ထားသူများအနေဖြင့် ယင်းစာအုပ်သက်တမ်းကုန်ဆုံးမှသာ PV အဖြစ် ပြန်လည်ပြောင်းလဲ လျှောက်ထားနိုင်မည်ဖြစ်ပြီး ပိတ်ပင်သည့်အထဲတွင် အမျိုးသား၊ အမျိုးသမီး ကန့်သတ်မထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ သက်တမ်းကုန်ကာနီးမှသာ သက်တမ်းတိုးရင်း PV ပြောင်းချင်တာဆိုရင် ပြောင်းရနိုင်ပါတယ်။ တခြားဘယ်လိုနည်းနဲ့မှတော့ မရပါဘူး။ အမျိုးသား၊ အမျိုးသမီး အကုန် ပါပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် PJ ပတ်စပိုစ့် ကိုင်ဆောင်ထားသူ အမျိုးသမီးတဦးကလည်း ” ကိုရီးယားသွားမယ်ရည်ရွယ်ပြီး PJ လုပ်လိုက်မိတာပါ။ အခုက အမှတ်က ၉၅ပဲ ရပြီး နှစ်မှတ်လောက်နဲ့ ကျသွားတယ်။ PJ သက်တမ်းကလည်း ၂၀၂၉အထိ ကျန်သေးတာ ဘယ်လိုလုပ်ရမလဲ မသိဘူး။ PV ပြောင်းပြီး ထိုင်းဖြစ်ဖြစ် အိုမန်ဖြစ်ဖြစ် သွားချင်တာ ။ စစ်မှုထမ်းခေါ်ရင်လည်း ပါတော့မယ် PJ နဲ့မို့ ဘာမှ လုပ်မရတော့တာနဲ့”ဟု ပြောသည်။

အလုပ်သမား ဝန်ကြီးဌာနက ဧပြီလ ၃၀ရက်တွင် ပြုလုပ်သည့်   အေဂျင်စီအစည်းအဝေးတွင် မေလ ၁ရက်နေ့မှ စတင်၍ အသက်၂၃မှ ၃၁နှစ်အတွင်းအမျိုးသားများ အလုပ်ခေါ်စာတင်ခြင်းကို ယာယီရပ်ဆိုင်းမည်ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး  မေလ၁၀ရက်နေ့တွင်မူ အလုပ်ခေါ်စာများ ပြန်လည်လက်ခံပေးကြောင်းနှင့် အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်၍ စိစစ်လက်ခံမည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ ထပ်မံ သတင်းထုတ်ပြန်ခဲ့‌ေသးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး