သရက်ချောင်းမြို့ ပဲဒက်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ အရာရှိအပါအဝင် ၂၃ဦး အရှင်ဖမ်းမိ

ယနေ့(မေလ ၈ရက်)နံနက်က သရက်ချောင်းမြို့၊ပဲဒက်စခန်းသိမ်းတိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-SSA)

ယနေ့(မေလ ၈ရက်)နံနက်က သရက်ချောင်းမြို့၊ပဲဒက်စခန်းသိမ်းတိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-SSA)

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကယနေ့(မေလ ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂၃ဦး အရှင်ဖမ်းမိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ပဲဒက်စခန်းကုန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များကမေလ ၅ရက်နံနက်မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်၌ သေဆုံးမှုများပြီး ၂၃ဦး အရှင်ဖမ်းမိထားကြောင်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းယူနိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

၎င်းက ” ဖမ်းမိတဲ့အထဲမှာ အရာရှိလည်းပါတယ်။ လေကြောင်းကနေလည်း ဆက်တိုက်လာပစ်ပါတယ်။ တိုက်ပွဲဆီကို ရေကြောင်းကနေ စစ်ကူလာတဲ့ မော်တော်ကိုလည်း ပစ်မြှုပ်ခဲ့တယ်” ဟုပြောသည်။

ပဲဒက်စခန်းအားတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်အရှင်ဖမ်းဆီးထားကြောင်းKNLA တပ်ရင်း(၁၂) တပ်ရင်းမှူး စောမှူးဂေကThe Tanintharyi Times သတင်းဌာနသို့ ယ‌နေ့ မွန်းလွဲပိုင်း၌ ဖြေကြားထားသည်။

လေးရက်ကြာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းမှ ‌နေ့စဉ်လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများလည်းပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။ ယနေ့နံနက်ပိုင်း၌ တော်လှန်ရေးအင်အားစုများက ပဲဒက်စခန်းအား သိမ်းပိုက်ချိန်အထိ လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပဲဒက်စခန်းတိုက်ခိုက်ခံရကြောင်း စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ ရေးသားထားသည်ကိုတွေ့ရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဧပြီလ၂၄ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မောထာ့စစ်ကောင်စီစခန်းကိုKNLAနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စာတည်း – အေးချမ်း