ဟွားငိုးလ်ရမ်း၌ ကျပ်သိန်း ၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ပုံအညွှန်း - ဖမ်းဆီးမိသော မူးယစ်ဆေးများမီးရှို့ဖျက်ဆီးနေစဥ် / ဓါတ်ပုံ - ပေးပို့

ပုံအညွှန်း – ဖမ်းဆီးမိသော မူးယစ်ဆေးများမီးရှို့ဖျက်ဆီးနေစဥ် / ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် ဟွားငိုးလ်ရမ်းဒေသတွင် မတ်လအတွင်း ဖမ်းဆီးမိသည့် နိုင်ငံတကာဈေးကွက် ၄၀၀,၀၀၀,၀၀၀ (သိန်းလေးထာင်)ကျပ် တန်းဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဟွားငိုးလ်ရမ်းပြည်သူ့အဖွဲ့ (HPO) ထံက သိရသည်။

“တဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ပို့မဲ့ဟာနဲ့ မြို့ထဲမှာ လက်လီရောင်းတဲ့ တာတွေကို ရှောင်တခင်ဝင် ရောက်ဖမ်းဆီးခဲ့မိတာတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု HPO တွဲဖက်အတွင်းရေးမှူး လားလ်ဗင်ပွီးရာက မဇ္စျိမကိုပြောသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူ(နံပါတ်ဖိုး)နှင့် စိတ်ကြွဆေးများကို မတ်လ၂၀ရက် ယမန်နေ့ နေလယ် ၂နာရီ ၃၀မိနစ်အချိန်တွင် HPO ဒုတိယဥက္ကဋ္ဌ ပူးရွန်ရမ်းလျန်နာ ဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုမီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများမှာ မတ်လ ၈ရက် ၊ ၁၃နှင့် ၁၇ရက်တို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပစ္စည်းများနှင့်အတူ အမျိုးသမီးလေးဦးနှင့်အမျိုးသား တဦးတို့ကို ဟွားငိုးလ်ရမ်း ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားကြောင်း သိရသည်။

ပုံအညွှန်း - ဖမ်းဆီးမိသော မူးယစ်ဆေးများမီးရှို့ဖျက်ဆီးနေစဥ် / ဓါတ်ပုံ - ပေးပို့

အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူများကို ရဲလုပ်ထုံးလုပ်နည်းများဆောင်ရွက်ပြီးစီးပါက HPO အဖွဲ့လက်အောက်ရှိ တရားရေးဌာနက စစ်ဆေးတွေ့ရှိချက်များပေါ် မူတည်ပြီး အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း လားလ်ဗင်ပွီးရာက ဆက်ပြောသည်။

ယင်းမူးယစ်ဆေးဝါးများသည် ကလေး ၊ ကဘော် ၊ တမူး ၊ တွန်းဇံများဖက်မှ သယ်ယူလာခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ ကနဦးသိရရှိထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်လျက်ရှိနေသဖြင့် မီဇိုရမ်ပြည်နယ်အာဏာပိုင်များ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အပြန်အလှန်သတင်းပေးဆက်သွယ်ကာ ပူးပေါင်းဖမ်းဆီးမှုများပြုလုပ်နေကြောင်း HPO တွဲဖက်အတွင်းမှူးက ပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ အဆက်မပြတ်ဖမ်းဆီးရမိလျက်ရှိနေပြီး ဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါးပြဿနာမြင့်တက်လာလျက်ရှိနေသောကြောင့် ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်မည့်အပေါ် မြန်မာစစ်ဘေးရှောင်က စိုးရိမ်လျက်ရှိနေကြောင်းသိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပိုင်ရှင်အချို့သည် ၎င်းတို့အမှုသက်သာစေရန်နှင့် သနားညှာတာမှုများဖြစ်ပေါ်စေရန် စစ်ဘေးရှောင်များဟု အမည်တပ်ပြောဆိုသော်လည်း အမှန်စင်စစ် စစ်ဘေးရှောင်အမည်ကို ကိုယ်ကျိုးအတွက်သုံးချနေသည့် မှောင်ခိုသမားများသာဖြစ်ကြောင်း HPO တာဝန်ရှိသူက ပြောဆိုသည်။

ချင်းပြည်အတွင်းနှင့် နယ်စပ်တလျောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ ၁၈ရက်နေ့က ချင်းပြည်ကောင်စီကထုတ်ပြန်ခဲ့ပြီး HPO အနေဖြင့် ချင်းပြည်အစိုးရနှင့်လည်း ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကိုလည်း ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ဟွားငိုးလ်ရမ်းပြည်သူ့အဖွဲ့ (HPO) အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)