ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့်မွေးနေ့ ကြိုဆိုပွဲ နယူးယောက်တွင် ကျင်းပ

မဇ္ဈိမ

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့အားကြိုဆိုပွဲကို NYCBC အဖွဲ့မှဦးဆောင်ကာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Greeley Square Park မှာ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

မွေးနေ့အကြိုအခမ်းအနားတွင် ဘာသာကြီးလေးခုကိုယ်စားပြုသူပုဂ္ဂိုလ်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ၊ တောထဲရောက်နေသော ပြည်သူ့ဘက်တော်သားများ၊ ပြည်တွင်းမှာပုံစံမျိုးစုံနှင့် တော်လှန်နေသည့် ပြည်သူများ အပါအဝင်၊ မြန်မာပြည်ကြီးတခုလုံး အာဏာရှင်စနစ်ဆိုးကြီးအောက်က လွတ်မြောက်နိုင်ဖို့နှင့် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ဆုတောင်းမေတ္တာပို့သပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အမျိုးသားညီညွှတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်း၊ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့မှ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိမ်းမှုကို ခံနေရပြီး နှစ်ရှည်ထောင်ဒဏ်များလည်း ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုသည် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၎င်း၏ (၇၉) နှစ်ပြည့် မွေးနေ့ကို အကျဉ်းထောင်၌ပင် ဖြတ်သန်းရမည် ဖြစ်သည်။

Photo – KyawSoe Latt