ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန် စတင်မဲနှိုက်

ပုံအညွှန်း - ဧရာဝတီတိုင်းအတွင်း မြို့နယ်တခုတွင် စစ်မှုထမ်းရန်အတွက်မဲနှိုက်ရန် ဆင့်ခေါ်ခံရသည့်စာ

ပုံအညွှန်း – ဧရာဝတီတိုင်းအတွင်း မြို့နယ်တခုတွင် စစ်မှုထမ်းရန်အတွက်မဲနှိုက်ရန် ဆင့်ခေါ်ခံရသည့်စာ

မင်းထက်

(မဇ္စျိမ)။   ။ ဧရာဝတီတိုင်းအတွင်း မြို့နယ်များအားလုံးတွင် မတ်လ တတိယပတ်အတွင်းမှ စတင်ကာ စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ်ခြင်းလုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံများက စတင်ပြုလုပ်နေပြီဟု မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

အချို့ မြို့နယ်များတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းနေပြီး အချို့မြို့နယ်များတွင်မူ အသက် ၂၄ မှ ၃၀ နှစ်အတွင်း အမျိုးသားများကို မဲနှိုက်ခိုင်းနေခြင်းဖြစ်သည်ဟု သိရသည်။

” ရပ်ကွက်နဲ့ ကျေးရွာ အများစုမှာတော့ ပေါက်မဲက ခြောက်မဲစီရှိတယ်။ ပေါက်တဲ့ ခြောက်ယောက်ထဲမှာ နံပါတ် ၁ နဲ့ ၂ နှစ်ယောက် လုံး ဒါမှမဟုတ် နံပါတ် ၁ တယောက်ပဲ ပထမအသုတ်အတွက် စစ်မှုထမ်းရမယ်လို့ပြောတယ်။ ကျန်တဲ့လူတွေကတော့ နောက်အသုတ်တွေမှာပါမယ်ဆိုတဲ့ သဘောထင်တယ် “ဟု မြောင်းမြမြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း အခြားမြို့နယ်အများစုတွင်လည်း ထိုကဲ့သို့ပင် မဲနှိုက်ရမည်ဖြစ်ကြောင်း မဇ္စျိမက စုံစမ်းသိရှိရသည်။

သို့သော် ဧရာဝတီတိုင်းတွင်း ရပ်ကွက်နှင့် ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ပထမအသုတ်အတွက် မဲနှိုက်သည့်အခါ ပေါက်မဲတမဲသာရှိသည်ဟုသိရပြီး လူဦးရေ အနည်းအများပေါ်မူတည်၍ နှစ်လ သို့မဟုတ် သုံးလလျှင် တကြိမ် မဲနှိုက်ရမည်ဟု အုပ်ချုပ်ရေးမှူးများကပြောဆိုသည်ဟုလည်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့်နီးစပ်သူတဦး၏ ပြောပြချက်အရ ဧရာဝတီတိုင်းမှ တမြို့နယ်လျှင် တလ လူဦးရေ ၃၀ ဦးခန့် စစ်မှုထမ်းရမည်ဟုလည်း သိရသည်။

“မဲကတော့ ရပ်ကွက်နဲ့ ကျေးရွာ အကုန်နှိုက်ရတာ။ အခုပထမအသုတ်မှာ တမြို့နယ်က လူ ၃၀ လောက်ပဲ စစ်မှုထမ်းဖို့ခေါ်မှာဆိုတော့ ကျန်တဲ့ မဲပေါက်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက လူတွေကို နောက်အသုတ်တွေမှာ ခေါ်မယ်။ အခုက ရပ်ကွက်နဲ့ ကျေးရွာတခုကို ခြောက်ယောက်စီ မဲနှိုက်ခိုင်းတယ်ဆိုတာက ခဏခဏ မဲနှိုက်ခိုင်းနေရမှာစိုးလို့ တနှစ်စာ မဲကြိုနှိုက်ခိုင်းထားတဲ့သဘောပါ”ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။

ထိုသို့ မြို့နယ်အသီးသီးရှိ ရပ်ကွက်နှင့်ကျေးရွာများအားလုံးတွင် စစ်မှုထမ်းရန်အတွက် အသက်ပြည့်မီသူ အမျိုးသားများကို မဲနှိုက်ရွေးချယ်ပြီး မဲပေါက်သည့်လူများ အားလုံးကို မြို့နယ်ထွေအုပ်ရုံးများတွင် စာရင်းသွင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူ တဦးကပြောသည်။

စစ်မှုထမ်းရန် မဲပေါက်သည့်လူများ ထွက်ပြေးပါက မိသားစုကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်မှုများကိုလည်း စစ်ကောင်စီလက်အောက်ခံများက ပြုလုပ်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ရပ်ကွက်မှာတော့ ပေါက်မဲက ခြောက်မဲရှိတယ်။ ကျွန်တော် တမဲပေါက်တယ်။ပေါက်တဲ့လူတွေထဲက နံပါတ် ၁ နဲ့။ ၂ ကို ဥပဒေထဲမှာပါတဲ့ အချက်တွေနဲ့ ညီ၊ မညီ စစ်ပြီး မညီရင် ပယ်မယ်။ ကျန်တဲ့လူတွေကို ဆက်ရွေးမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်။ လောလောဆယ်တော့ သူပြောတာတွေက လိမ်တာလား ညာတာလားဆိုတာထက် မဲပေါက်ထားတော့ စိုးရိမ်နေတာပဲ။ ထွက်ပြေးဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ”ဟု ဧရာဝတီတိုင်းမှ စစ်မှုထမ်းရန် မဲပေါက်ထားသူတဦးကပြောပြသည်။

စစ်မှုထမ်းရန် ဆန္ဒရှိသည့်လူအချို့ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအချို့တွင်မူ မဲနှိုက်ရွေးချယ်ခြင်း မပြုလုပ်ကြောင်း၊ ထိုသူများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက ဒေသခံများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေကြောင်း ဒေသအသီးသီးရှိဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းရန် မဲပေါက်ထားသည့်လူများမှာ စိုးရိမ်မှုများရှိနေကြောင်း ၊ စစ်မှုထမ်းရန်အတွက် စစ်သင်တန်းစတက်ရမည့် နေ့ရက်ကို အတိအကျမသိရသေးကြောင်း မဲပေါက်ထားသူအချို့၏ ပြောပြချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး