တီးတိန်ရှိ မံဆောင်းကြိုးတံတား မိုင်းခွဲခံရပြီးနောက် အိန္ဒိယသို့ ကုန်စီးဆင်းမှု ရပ်တန့်

မိုင်းခွဲခံရမှုကြောင့် ပျက်စီးသွားသည့် မံဆောင်းတံတား (Photo- CJ)

ပါခွီး

(မဇ္ဈိမ) ။ ။ တိုက်ပွဲများ ဖြစ်ပွားနေသော ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မံဆောင်းကြိုး တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်သဖြင့် တံတားပျက်စီးသွားပြီးနောက် တီးတိန်-အိန္ဒိယ နယ်စပ်ကုန်ပစ္စည်း စီးဆင်းမှုလည်း ရပ်တန့်သွားကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး အမှတ်(၂) လမ်းပေါ်၊ တီးတိန်မြို့နှင့် ခုနစ်မိုင်ခန့်အကွာရှိ မံဆောင်တံတားသည် ဇွန်လ ၈ ရက်နေ့တွင် မိုင်းခွဲခံရခြင်းဖြစ်ပြီး ကြိုးပြတ်ကာ အခင်းနှင့် ဘေးဘောင်များပျက်စီးပြီး ယာဥ်များမဖြတ်သန်းနိုင်ခြင်း ဖြစ်သည်။

ယင်း ဇွန်လ ၈ ရက်နေ့မှ စတင်ကာ အိန္ဒိယ – မြန်မာနယ်စပ်သို့ပို့ဆောင်နေသော ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိတော့ခြင်း ဖြစ်သည်။

“တီးတိန်ဘက်ကတော့ မဝင်တော့ဘူး ၊ တံတားပြင်ဖို့ကလည်း စက်ယန္တရားတွေ နဲ့ ပြင်ရမှာဆိုတော့ ဒီမိုးတွင်းအဲဒီလမ်းကနေ ပစ္စည်းတွေသယ်လို့ မရလောက်တော့ဘူး” ဟု နယ်စပ်ရှိ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက မဇ္စျိမ ကို ပြောသည်။

အိန္ဒိယအခြေစိုက် All India Radio ကလည်း မံဆောင်းတံတား ပျက်စီးမှုကြောင့် လမ်းအဆက်အသွယ်ပြတ်တောက်ပြီး မြန်မာပြည်မှ မီဇိုရမ်ပြည်နယ်သို့ တင်သွင်းနေသော စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိတော့ကြောင်း ဇွန်လ ၉ရက်နေ့က ထုတ်လွှင့်ခဲ့သည်။

မံဆောင်တံတားသည် အရှည် ပေ ၅၀၀ကျော် ၊ အကျယ်ပေ ၃၀ရှိ သံကူကွန်ကရစ် အမျိုးစားနှစ်လမ်းသွား တံတားဖြစ်ပြီး ခံနိုင်ဝန်တန်ချိန် ၆၀ ရှိကြောင်း သိရသည်။

အဆိုပါတံတား ပျက်စီးနေသဖြင့် ဒေသတွင်း ကုန်ပြတ်လပ်ခြင်းနှင့် ဈေးနှုန်းမြင့်တက် ခြင်းများကြုံရနိုင်ကြောင်း နယ်စပ်ရှိ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆိုသည်။

ကလေး – တီးတိန်မှတဆင့် အိန္ဒိယနယ်စပ်သို့ ကုန်ပစ္စည်းများမဝင်ရောက်နိုင်သော်လည်း လမ်းကြောရှည်လျားသည့် ကလေး – ဖလမ်းဘက်မှ ကုန်ပစ္စည်းအချို့ဝင်ရောက် လာနိုင်ခြေ ရှိကြောင်း သိရသည်။

ချင်းတော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် တွန်းဇံမြို့နှင့် မိုင် ၃၀ နီးပါးဝေးသည့် တီးတိန်မြို့တွင် မေလ ၂၇ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

လက်ရှိမှာာ မြို့မရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးနှင့် ဆက်သွယ်ရေးရုံးတို့ကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်