ရှမ်းခေါက်ဆွဲသူပုန် (သို့မဟုတ်) ၂၀ ရာစုအစပိုင်း ထိုင်းမြောက်ပိုင်းပုန်ကန်မှု

ရှမ်းခေါက်ဆွဲပုန်ကန်မှုတွင် ပါဝင်ခဲ့သူများ/Photo by Siam Rat Blog

ရှမ်းခေါက်ဆွဲပုန်ကန်မှုတွင် ပါဝင်ခဲ့သူများ/Photo by Siam Rat Blog

ခက်ဇော်

သင်္ချိုင်းအုတ်ဂူထဲမှ ခြေရာအစ

ချင်းမိုင် ဘူတာနှင့် မနီးမဝေး၊ ချင်းမိုင် – လန်ဖုန်းကားလမ်းနဘေး ၊ သစ်ပင်များအုံ့ဆိုင်းနေသည့် ခပ်ကျဉ်းကျဉ်း သင်္ချိုင်းမြေကလေး။

“Foreign Cemetery”ဟု ဆိုင်းဘုတ်ငယ်တပ်ထားသည့် သင်္ချိုင်းတံခါးကို ကျော်လွန်လိုက်ပါက ချင်းမိုင်တွင် ခေါင်းချသွားခဲ့သော ခေတ်အဆက်ဆက် ဥရောပသားတို့၏ အမှတ်တရအုတ်ဂူများအကြား လေးထောင့်ရှည်မျောမျောပုံစံဖြင့် ထူးထူးခြားခြား အထိမ်းအမှတ်အုတ်ဂူတခုကို တွေ့ရမည်။

ထိုအုတ်ဂူပေါ်တွင်ရေးထိုးထားသည့်အမည်က “Hans Makward JESEN”။

ထိုင်းဘုရင့်အစိုးရအား ပုန်ကန်သူများကို နှိမ်းနင်းပေးရင်း ၁၉၀၂ ခုနှစ် ထိုင်းမြောက်ပိုင်း (Phayao) ဖေအိုမြို့တွင်ကျဆုံးခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် ဒိန်းမတ်လူမျိုး စစ်ဗိုလ်လေး၏ အထိမ်းအမှတ်အုတ်ဂူဖြစ်သည်။

အဆိုပါ ကပ္ပတိန်ဂျက်ဆင်၏ အထိမ်းအမှတ်အုတ်ဂူမှာ ရာစုနှစ်တခုကြာကာလအတွင်း ထိုင်းမြောက်ပိုင်းမြို့များဖြစ်သော ဖေအိုမြို့၊ လန်ပန်းမြို့တို့မှ တဆင့် ချင်းမိုင်အထိ အဆင့်ဆင့်ပြောင်း‌ရွှေ့ခံခဲ့ရ၏။

ကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာအထိ ထိုင်းဘုရင်၏ အမြင့်ဆုံးသူရဲကောင်းဘွဲ့ကို ချီးမြှင့်ခံခဲ့ရပြီး ခံစားခွင့်လစာဆက်လက်ပေးထားခံရသည့် ကပ္ပတိန်ဂျက်ဆင် သည် ခေတ်သစ်ထိုင်းနိုင်ငံသမိုင်း၏ အရေးပါသော စာမျက်နှာတခုတွင်ရှိနေခဲ့သည်။

ခေတ်သစ်ထိုင်းနိုင်ငံသမိုင်းတွင် အကြီးဆုံး ပုန်ကန်မှုတစ်ခုဖြစ်သော Ngiao rebellion ခေါ် ထိုင်းမြောက်ပိုင်း ရှမ်းပုန်ကန်မှုကြီး အတွင်း ကပ္ပတိန်ဂျက်ဆင် သေဆုံးခဲ့ရခြင်းပင်။

Ngiao ဆိုသည်မှာ ထိုင်းမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ၊ရှမ်းပြည်အရှေ့ပိုင်းရှိ တိုင်းယိုင်ရှမ်းတို့၏ ရိုးရာခေါက်ဆွဲတစ်မျိုးလည်းဖြစ်သည်။

ထိုင်းမြောက်ပိုင်းရှမ်းတို့၏ ပုန်ကန်မှုကို အနောက်တိုင်းသမိုင်းဆရာတို့က Ngiao rebellion ဟု တင်စားခေါ်ဝေါ်ရာမှာ ထိုနာမည်တွင်ခဲ့ခြင်း။

မြန်မာအမည်နှင့်ဆိုလျှင်တော့…. “ရှမ်းခေါက်ဆွဲပုန်ကန်မှု” ဟု အမည်တပ်ရမည်ပင်။

ချင်းမိုင်မြို့စွန်ရှိ နိုင်ငံခြားသားများ သင်္ချိုင်းမှ အစ ဆွဲထုတ်ရမည့်… “ရှမ်းခေါက်ဆွဲပုန်ကန်မှု”၏ ကောက်ကြောင်းများသည်….။

ချင်းမိုင် နိုင်ငံခြားသားသင်္ချိုင်းရှိ Hans Makward JESEN ၏ အထိမ်းအမှတ်ကျောက်တိုင်/Photo by Khet Zaw

ထိုင်းမြောက်ပိုင်းရှိ ဗြိတိသျှ – ပြင်သစ်အားပြိုင်မှု

…………………………………..

၂၀ ရာစုအစောပိုင်းကာလတွင် ထိုင်းနိုင်ငံသည် ရိုးရာအုပ်ချုပ်ရေးစနစ်မှ ခေတ်သစ်အုပ်ချုပ်ရေးစနစ်ဆီသို့ စတင် လမ်းကြောင်းပြောင်းလဲလာခဲ့သည်။

၁၈၉၃ မှ စတင်ပြီး အိမ်နီးချင်းလာအိုနိုင်ငံကို ပြင်သစ်တို့ သိမ်းယူပြီးသည့်နောက် လာအိုနှင့် နယ်နိမိတ်ချင်း နီးကပ်နေသည့် ထိုင်းမြောက်ပိုင်းဒေသများတွင် ပြင်သစ်သြဇာ စတင်လွှမ်းမိုးလာခဲ့သည်။

ထိုင်းဘုရင် ချူလာလောင်ကွန်းသည် ပြင်သစ်တို့နှင့် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး ထိုင်းအနေဖြင့် မဲခေါင်မြစ်၏ အနောက်ဘက် ၂၅ မိုင်အထိ စစ်တပ်များချထားခြင်းကို ရုတ်သိမ်းပေးခဲ့ရ၏။

ထိုင်း – မြန်မာ – လာအို သုံးနိုင်ငံဆုံရာ ထိုင်းမြောက်ဘက်ဒေသများတွင် ပြင်သစ်နှင့် ဥရောပသားများက အုပ်ချုပ်ရေး အထူးအခွင့်အရေးများယူထားသဖြင့် ထိုဒေသများအပေါ် ဘန်ကောက်နေပြည်တော်၏ သြဇာလွှမ်းမိုးမှုမှာ တစတစ ကျဆင်းလာနေခဲ့သည်။

ထို့ကြောင့် ထိုင်းဘုရင် ချူလာလောင်ကွန်းက အုပ်ချုပ်ရေးဆိုင်ရာဉပဒေတခု ပြဌာန်းပြီး ထိုင်းမြောက်ပိုင်းရှိ Chao ခေါ်အစဉ်အလာအုပ်ချုပ်သူများ၏ အာဏာကို လျော့ချပြီး ဗဟိုဘုရင့်အစိုးရက ပိုမိုချုပ်ကိုင်လာခဲ့၏။

ထိုသို့အကြောင်းများကြောင့် ထိုင်းမြောက်ပိုင်းတလျှောက် ရှေးနှစ်ပေါင်းများစွာကတည်းကနေထိုင်လာကြပြီး ဟာရီပူချိုင်းခေါ် လန်းနာနိုင်ငံကို ထူထောင်ခဲ့ကြသည့် တိုင်းယိုင်ရှမ်းတို့နှင့် လန်းနားဒေသကို သိမ်းသွင်းနိုင်ခဲ့သည့် Siam ခေါ် တောင်ပိုင်းထိုင်းလူမျိုးအုပ်ချုပ်သူတို့အကြား ကွာဟမှုမှာလည်း ပြန်လည်ကြီးမားလာသည်။

၁၈၉၉ အောက်တိုဘာ ၁၀ ရက်နေ့တွင် ချင်းမိုင်မြို့တွင် Phya Pap ခေါင်းဆောင်သည့် လန်းနားရှမ်း ပုန်ကန်မှုတခုပေါ်ပေါက်လာပြီး အုပ်ချုပ်သူထိုင်းလူမျိုးများနှင့် တရုတ်လူမျိုးတို့ကို သတ်ဖြတ်မောင်းထုတ်သည့် လူမျိုးရေးအဓိကရုဏ်းဆန်ဆန်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

သို့သော် ထိုင်းအစိုးရက ထိုအဓိကရုဏ်းကို လျင်မြန်စွာ နှိမ်နင်းနိုင်လိုက်၏။

၁၈၈၅ ခုနှစ်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် အထက်မြန်မာနိုင်ငံ သည် ဗြိတိသျှလက်အောက်သို့ လုံးလုံးလျားလျားကျရောက်သွားတော့သည်။

တချိန်က မန္တလေးနေပြည်တော်၏ အာဏာစက်အောက်တွင်ရှိခဲ့သည့် ရှမ်းစော်ဘွားပြည်ထောင်များ အတွင်းတွင်လည်း ထိုရိုက်ခတ်မှုက ကြီးမားလာသည်။

မြန်မာပြည်တွင်း ဗြိတိသျှကို မလိုလားသောအုပ်စုများက ပုန်ကန်တော်လှန်ကြရာ ရှမ်းပြည်ပဒေသရာဇ်နယ်များတွင်လည်း ထိုလှိုင်းက ရိုက်ခတ်လာကြ၏။

ဒေသခံရှမ်းစော်ဘွားများအတွင်းတွင်လည်း ဗြိတိသျှကိုထောက်ခံသူအုပ်စုနှင့် မထောက်ခံသူအုပ်စုကြား တိုက်ပွဲများဖြစ်လာကြသည်။

ထို့သို့ မငြိမ်သက်မှုနှင့် စစ်ပွဲများကြောင့် ရှမ်းလူမျိုးအများအပြားမှာ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ အမြောက်အမြား ရွှေ့ပြောင်းလာကြရ၏။

ထိုင်းမြောက်ပိုင်းမြို့များဖြစ်သော ချင်းဆိုင်၊ ချင်းဒေါင်း၊ ဖရဲ၊ ဖေအို ၊ လန်ပန်း၊ လန်ဖုန်း၊ ချင်းမိုင် စသည့် ဒေသများတွင် ရှိနှင့်ပြီးသား တိုင်းယိုင် ရှမ်းလူမျိုးများနှင့် မြန်မာပြည်မှ ဝင်ရောက်လာသော ရှမ်းလူမျိုးများ ပေါင်းစည်းမိခဲ့ကြသည်။

ထိုရှမ်းလူမျိုးများသည် အထောက်အထားမဲ့ဝင်ရောက်လာကြရသော်လည်း ဒေသခံများနှင့်လျင်မြန်စွာ အသားကျသွားပြီး ဒေသခံသစ်ထုတ်လုပ်‌ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ကျွဲနွားရောင်းဝယ်ရေးလုပ်ငန်းများ၊ ပြင်သစ်ပိုင်လာအိုနိုင်ငံနှင့်ကုန်သွယ်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည်။

တဆက်တည်းတွင်ပင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအား ရရှိလိုက်သည့် ဗြိတိသျှတို့သည် သစ်ထုတ်လုပ်‌ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများကို ထိုင်းမြောက်ပိုင်းတွင် လုပ်ကိုင်ရန်အတွက် ထိုင်းဘုရင်နှင့် စာချုပ်များချုပ်ဆိုကြသည်။

ထိုင်းဘုရင့်နန်းတော်အနေဖြင့်လည်း ပြင်သစ်တို့ အသာစီးယူကာ ချုပ်ထားသော စာချုပ်များအရ နောက်ဆုတ်ပေးထားရသည့်နယ်မြေများတွင် ထိုင်းတပ်များအစား စာချုပ်တွင်အကြုံးမဝင်သည့် ဗြိတိသျှတပ်များ ထားရှိရေးကို ဆုံးဖြတ်ခဲ့ကြ၏။

မကြာမီပင် ထိုင်းမြောက်ပိုင်းသို့ ဘုံဘေဘားမားသစ်ကုမ္ပဏီနှင့်အတူ မြန်မာပြည်မှ သစ်လုပ်ငန်းကျွမ်းကျင်သူ ကန်ထရိုက်တာများ၊ စာရေးစာချီများ၊ အလုပ်သမားများသာမက ဗြိတိသျှအရာရှိများအုပ်ချုပ်သည့်စစ်တပ်အချို့ပါ ရောက်ရှိလာကြတော့သည်။

အစောပိုင်းကာလများက ထိုင်းမြောက်ပိုင်းတွင် သြဇာအာဏာတဖြည်းဖြည်းတည်ဆောက်သိမ်းသွင်းလာသည့် ပြင်သစ်တို့မှာ အင်္ဂလိပ်တို့နှင့် ထိပ်တိုက်တိုးမည့် အခြေအနေများဖြစ်လာတော့၏။

၁၈၉၀ ပြည့်နှစ်နှောင်းပိုင်း ထိုင်းနိုင်ငံရှိ ပြင်သစ်စီးပွားရေးဇုန်တစ်ခု/Photo by Journal of Social Issues in Southeast Asia

ပတ္တမြားမှစသည့် မီး

………………………………………………

၁၉၀၁ ခုနှစ်တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်အစိုးရသည် ထိုင်းမြောက်ပိုင်းဒေသအပေါ် အခွန်ဉပဒေအသစ် ချမှတ်လိုက်သည်။

ထိုဉပဒေများတွင် ရွှေ့ပြောင်းလုပ်သားများနှင့် ဒေသခံရှမ်းလူမျိုးများအပေါ် ကောက်ယူသည့် အခွန်များလည်း ပါဝင်လာခဲ့သည်။

မြေယာခွန်၊ ကျွဲ၊နွားခွန်၊ လှေခွန်၊ လှည်းခွန်အပြင် ခေါင်းခွံ (လူခွန်)ဟု ဆိုကာ လူတစ်ယောက်လျှင် လေးဘတ်နှုန်းကောက်ခံလာသည်။

ထို့ပြင် တရားမဝင်ဝင်ရောက်လာသူများအပေါ် တင်းကြပ်သည့် အခွန်စည်းကြပ်မှုမျိုးပြုလုပ်လာပြီး ဒေသခံရှမ်းလူမျိုးတို့၏ ကျွဲနွားကုန်သွယ်မှုလုပ်ငန်းကိုလည်း ဖိဖိစီးစီးကိုင်တွယ်ခဲ့၏။

၁၉၀၂ ခုနှစ် ဇူလိုင်လ။

ဖရဲ (Phrae) မြို့တောင်ဘက်ရှိ ဘန်ဘောကောင်း (Baan Baw Kao) ပတ္တမြားမိုင်းတွင်းတွင် အခွန်ပြဿနာနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် မိုင်းတွင်းလုပ်သားများ ပြဿနာဖြစ်ပွားကြသည်။

ထိုင်းရဲတို့က မိုင်းတွင်းအလုပ်သမားခေါင်းဆောင် ဒေသခံရှမ်းလူမျိုးဖြစ်သော ဆလာပိုချိုင်းကို ဖမ်းဆီးလိုက်ကြ၏။

ထိုအခါ မိုင်းတွင်းသို့ ခေတ္တ ရောက်ရှိနေသူ ရှမ်းလူမျိုး ဖာ့ကမိုင်းက ဦးဆောင်ကာ မိုင်းတွင်းအလုပ်သမားများမှ ခေါင်းဆောင်ဆလာပိုချိုင်းကို ထိုင်းတော်ဝင်ရဲများလက်မှ တိုက်ခိုက်လုယူကြသည်။

ဖာ့ကမိုင်းသည် မြန်မာပြည် ကျိုင်းတုံနယ်တွင် စော်ဘွား၏ အခွန်ကောက်မှုကို မကျေနပ်သဖြင့် ပုန်ကန်ရာမှာ တိမ်းရှောင်လာရသည့် ရှမ်းလူမျိုးတစ်ဦး ဟု ဆိုကြပြီး ထိုကာလတွင် ပြင်သစ်ကျွန်းသစ်ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ် ပတ္တမြားမိုင်းတွင်းသို့ ခေတ္တရောက်ရှိနေသူလည်းဖြစ်သည်။

ယင်းမတိုင်မီက ဖာ့ကမိုင်း သည် မြန်မာ – ထိုင်းနယ်စပ်ဒေသတလျှောက် လုယက်တိုက်ခိုက်သည့်အဖွဲ့တခုတွင် ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်ဟုလည်း ဆိုကြသည်။

ထိုဖြစ်ရပ်တွင် ထိုင်းရဲတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရပြီး ဆလာပိုချိုင်းကို လွှတ်ပေးကာ မိုင်းတွင်းမှ ဆုတ်ခွာသွားကြရ၏။

ဇူလိုင် ၂၃ ရက်နေ့တွင် ဖရဲမြို့မှ အင်အား ၈၀နှင့် လက်နက်အပြည့်အစုံပါသော ထိုင်းရဲတပ်ဖွဲ့သည် မိုင်းတွင်းကို တိုက်ခိုက်ရန် ပြန်လည်ချီတက်လာကြသည်။

မိုင်းတွင်းသို့ မရောက်မီ လျှိုမြောင်များအရောက်တွင် ရှမ်းလူမျိုးတို့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြားမှာ ဖရဲနှင့် လန်ပန်းမြို့များဆီသို့ လက်လွတ်ထွက်ပြေးကြရ၏။

ရှမ်းပုန်ကန်သူတို့မှာ လက်နက်ခဲယမ်းများ၊ မြင်းများကို သိမ်းဆည်းရမိလိုက်ကြသည်။

ထိုနေ့တွင်ပင် ပုန်ကန်မှု ခေါင်းဆောင် ဆလာပိုချိုင်းနှင့် ဖာ့ကမိုင်းတို့က တိုင်ပင်ဆွေးနွေးပြီးသည့်နောက် ထိုင်းဘုရင့်တပ်၏ လက်တုန့်ပြန်မှုကို ကာကွယ်ရန်နှင့် ထိုင်းဘုရင်အစိုးရကို အတိအလင်းပုန်ကန်ရန်ဆုံးဖြတ်လိုက်ကြ၏။

“ရှမ်းခေါက်ဆွဲသူပုန်” တို့ကား အရှိန်အဟုန်ဖြင့် စတင် တောက်လောင်လေပြီ။

ရှမ်းခေါက်ဆွဲပုန်ကန်မှုတွင် ပါဝင်ခဲ့သူများ/Photo by Siam Rat Blog

ရှမ်းပုန်ကန်မှုကို ဦးဆောင်ခဲ့သည့် ဒုတိယခေါင်းဆောင် ဖာ့ကမိုင်း/Photo Ref; Dr Andrew Walker

မြို့သိမ်းတိုက်ပွဲများ

………………..

၁၉၀၂ ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်အာရုဏ်တက်အချိန်။

ဆလာပိုချိုင်းနှင့် ဖာ့ကမောင်တို့ ဦးဆောင်ပြီး သေနတ်ကိုယ်စီကိုင်ဆောင်ထားသော ရှမ်းလူမျိုး ၄၀ ကျော်တို့သည် ဖရဲမြို့တွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။

ထို့နောက် ဖရဲမြို့ ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ကြ၏။

အစောပိုင်းရက်များက ရှမ်းတပ်ဖွဲ့များ လာရောက်တိုက်ခိုက်မည့်သတင်းကို ရသဖြင့် ရဲတပ်ဖွဲ့အကြီးအကဲက ဖရဲမြို့အုပ်ချုပ်ရေးမှူး ကော်မရှင်နာမင်းကြီး Phra Chaiyabun ကို လက်နက်တိုက်မှ လက်နက်ကောင်းများ ရဲတပ်ဖွဲ့ထံ တပ်ဆင်ပေးရန် ခွင့်တောင်းရာ ကော်မရှင်နာက ပယ်ချခဲ့၏။

ထို့ကြောင့် ရှမ်းတပ်ဖွဲ့များ ဝင်ရောက်လာချိန်တွင် ရဲတပ်ဖွဲ့မှာ အကျအဆုံးများစွာဖြင့် မြို့ကို စွန့်ခွာသွားတော့သည်။

ဆာလာပိုချိုင်း၏ တပ်ဖွဲ့များမှာ စာတိုက်ကို ဝင်ရောက်စီးနင်းကြပြီး ကြေးနန်းလိုင်းများကို ဖြတ်‌တောက်ပစ်ခဲ့ကြ၏။

ကော်မရှင်နာမင်းကြီး Phra Chaiyabun ကိုယ်တိုင် မြို့ကိုစွန့်ခွာသွားသောအခါ ဖရဲမြို့မှ ရှမ်းလူမျိုးများ၊ ဖရဲရဲစခန်းမှ အချုပ်သားများက ရှမ်းအဖွဲ့များနှင့် ပူးပေါင်းလာခဲ့ကြသည်။

ကော်မရှင်နာနေအိမ်နှင့် ငွေတိုက်ကို သိမ်းဆည်းပြီးသည့်နောက် ရှမ်းတပ်များသည် ဘတ်ငွေ လေးသောင်းပါသော ငွေသေတ္တာတလုံးကိုသိမ်းဆည်းမိခဲ့ကြ၏။

ထိုငွေကြေးများကို သိမ်းမိပြီးသည့်နောက် ထိုင်းဘုရင့်ဘက်တော်သား၏ ဦးခေါင်းတလုံးလျှင် ဘတ် ၃၀၀ ဆုကြေးချီးမြှင့်မည်ဟု ဆလာပိုချိုင်းက ကြေညာခဲ့သည်။

ထိုကြေညာချက်ကြောင့် မြို့တွင်းရှိ Siamese ခေါ် ထိုင်းတောင်ပိုင်းတိုင်းရင်းသားအများအပြားလည်း အသတ်ခံရပြီး မြို့မှ ထွက်ပြေးကြရသည်။

အထူးသဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာကြသူများသည် ပုန်ကန်သူတပ်ဖွဲ့များနှင့် အလျင်အမြန်ပူးပေါင်းပြီးသည့်နောက် မြို့တွင်း လုယက်ဖျက်စီးကြတော့၏။

မြို့ရှိ ယမကာဆိုင်များ၊ ဘားများကို ချိုးဖျက်ဝင်ရောက်ကာ သောက်စားကြပြီး ကော်မရှင်နာမင်းကြီး အိမ်ပေါ်အထိ တက်ကာ အဝတ်အစားများကို ထင်သလိုလုယက်ဝတ်ဆင်ကြတော့သည်။

ခေါင်းဆောင်များဖြစ်သော ဆလာပိုချိုင်းနှင့် ဖာ့ကမိုင်းတို့က အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မြို့တွင်းမှ အရက်မှန်သမျှကို ဖျက်စီးပစ်ရန် အမိန့်ပေးခဲ့ကြ၏။

တိမ်းရှောင်ပုန်းအောင်းနေသော မြို့အုပ်ချုပ်ရေးကော်မရှင်နာမင်းကြီး Chaiyabun သည် ဖရဲမြို့နှင့် လေးကီလိုမီတာဝေးသည့် ရွာတစ်ရွာသို့ ဝင်ရောက်ပြီး အစားအသောက်ပေးရန် တောင်းစဉ်တွင် ရှမ်းလူမျိုး ရွာသားတို့၏ ဝိုင်းဝန်းဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ရှမ်းတပ်ဖွဲ့များထံ အပ်နှံခံခဲ့ရပြီးနောက် ပူးပေါင်းရန် ငြင်းဆိုသဖြင့် ထိုနေရာတွင်ပင် ကွပ်မျက်ခံခဲ့ရ၏။

Chaiyabun အသတ်ခံရသည့် အဝေးပြေးလည်း မိုင်တိုင် ၁၁၀ နေရာကို အထိမ်းအမှတ်ရုပ်ထုဖြင့် ယခုတိုင် ဂုဏ်ပြုထားခဲ့ကြသည်။

မြို့တွင်းကျန်ရှိသည့် မြို့အုပ်ချုပ်‌ရေးအဖွဲ့ဝင် အရာရှိ ၂၀ ခန့်မှာလည်း သတ်ဖြတ်ခြင်းခံခဲ့ရ၏။

အမေရိကန် Presbyterian မစ်ရှင်ကို ဦးဆောင်သည့် ဒေါက်တာသောမတ်စ်နှင့် ၎င်း၏ ဇနီးတို့ ပါဝင်သော အနောက်နိုင်ငံခြားသားများမှာ ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။

တချိန်တည်းတွင်ပင် သူပုန်တို့၏ ဒုတိယခေါင်းဆောင် ဖာ့ကမိုင်းဦးဆောင်သောအဖွဲ့သည် ဖရဲမြို့၏ တော်ဝင် မြို့စားမင်း ဖြစ်သော Chao Luang Piriya Thepawongse ၏ အိမ်ကို ဝန်းရံလိုက်ကြသည်။

အသက် ၆၆ နှစ် ရှိပြီဖြစ်သော ၁၈ ဆက်မြောက် ဖရဲမြို့စား သီပဝမ်စီ မှာ ဖာ့ကမိုင်း ကို နေအိမ်တွင် တဦးတည်း လက်ခံတွေ့ဆုံခဲ့၏။ မိသားစုများမှာ ဘေးလွတ်ရာတွင် ပုန်းအောင်းနေခဲ့သည်။ဖာ့ကမိုင်းက ရှမ်းတို့ ပုန်ကန်ရသည့် အကြောင်းအရင်းနှင့် ဖိနှိပ်အုပ်ချုပ်သူ Siamese တို့ကို တိုက်ထုတ်ပြီး တိုင်ယိုင်းရှမ်းတို့၏ လန်နားနိုင်ငံတော်ကို ပြန်လည်ရယူရန် အကြောင်းကို သီပဝမ်စီ အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖရဲမြို့စား သီပဝမ်စီ က ဖရဲမြို့တွင် ထိုင်းဘုရင်၏ အုပ်စိုးမှုအဆုံးသတ်ပြီဖြစ်ကြောင်းနှင့် လန်နားနိုင်ငံတော်သစ်စတင်ထူထောင်ကြောင်းကို လက်မှတ်ရေးထိုးကြေညာပေးရသည်။

မြို့စား နှင့် မိသားစုများ၊ တော်ဝင်အမှုထမ်းများ၊ မြို့ခံပြည်သူလူထုကလည်း ရှမ်းလှုပ်ရှားမှုနှင့် ပူးပေါင်းမည်ဖြစ်‌ကြောင်း သစ္စာရည်သောက်ကြရ၏။

ဆလာပိုချိုင်းကလည်း မြို့ရှိ ဗြိတိသျှကုမ္ပဏီအရာရှိများနှင့်တွေ့ဆုံကာ ခွဲထွက်ရေးလှုပ်ရှားမှုအကြောင်းရှင်းပြပြီး စည်းရုံးခဲ့သည်။

တဆယ့်ရှစ်ဆက်မြောက် Chao Luang Piriya Thepawongse (photo ref by – Siam Rat Blog)

လန်ပန်းတိုက်ပွဲ နှင့် ကပ္ပတိန်ဂျက်ဆန်

…………………………………………………………

ဖရဲမြို့ကို အလုံးစုံသိမ်းပိုက်ပြီးသည့်နောက် ဆလာပိုချိုင်းနှင့် ဖာ့ကမိုင်းတို့မှာ ထိုင်းမြောက်ပိုင်းတခုလုံး လွတ်လပ်ရေးဆီသို့ မျှော်လင့်လာခဲ့ကြသည်။

ထို့ကြောင့် မြောက်ပိုင်းမြို့ကြီးများဖြစ်သော ချင်းမိုင်၊ လန်ပန်း၊ ဖေအို၊ ချင်းဆန်မြို့များကို သိမ်းပိုက်ရန် အသေးစိတ် စီမံချက်များ ရေးဆွဲခဲ့ကြ၏။

ချင်းမိုင်မြို့ဘက်ဆီမှ ထိုင်းတပ်ဖွဲ့များ ချီတက်လာသည်ကို တားဆီးရန်အတွက် ဆလာပိုချိုင်း ဦးဆောင်သော လူ ၁၅၀ သည် ဥတ္တရဒိတ်တောင်တန်းများပေါ်သို့ ချီတက်ကာ တပ်စွဲထားကြ၏။

ဖာ့ကမိုင်း ဦးဆောင်သော လူ ၂၀၀ သည် အနီးဆုံးမြို့ဖြစ်သော လန်ပန်းမြို့ကို သိမ်းပိုက်ရန် ချီတက်လာခဲ့ကြသည်။

ထိုအချိန်တွင် ရှမ်းခေါက်ဆွဲသူပုန်တို့၏ အသေးစိတ်မြို့သိမ်းစီမံချက်များမှာ ချင်းမိုင်နှင့်လန်ပန်းရှိ ထိုင်းအာဏာပိုင်များဆီသို့ ပေါက်ကြားသွားခဲ့၏။

လန်ပန်းမြို့စား Chao Bunwatwongse Manit သည် လန်ပန်းမြို့တွင်နေထိုင်သူ ၁၀၀၀ ခန့်ကို အရေးပေါ် တပ်သားအဖြစ် စုဆောင်းလိုက်သည်။

ဖရဲမြို့ကို ရှမ်းတပ်ဖွဲ့များသိမ်းစဉ်က အကျဉ်းထောင်မှ အကျဉ်းသားများသည် သူပုန်တို့နှင့်ပူးပေါင်းသည်ကို ကြားသိထားသော လန်ပန်းမြို့စားသည် လန်ပန်းအကျဉ်းထောင်မှ အကျဉ်းသားအများစုကို အလျင်အမြန် ကွပ်မျက်ပစ်သည်။

လန်ပန်းမြို့တွင်ရှိနေသော ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ ကိုယ်စားလှယ် Louis Leonowens ဦးဆောင်သော ကုမ္ပဏီဝန်ထမ်းများကလည်း ခုခံစစ်အတွက် လိုအပ်သည့် အတားအဆီးများကို မြို့ပတ်ဝန်းကျင်တွင် ချက်ချင်း ဆောက်လုပ်ကြသည်။

ထိုင်းနှင့် ဒိန်းမတ်တို့၏ ပူးပေါင်းအစီအစဉ်ရ ထိုင်းဘုရင့်ရဲအရာရှိအကယ်ဒမီတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၄ နှစ်အရွယ် ဒိန်းမတ်စစ်ဗိုလ် ကပ္ပတိန် Hans Markvard Jensen

သည်လည်း အင်အား ၅၄ ဦးပါဝင်သည့် အထူးရိုင်ဖယ်တပ်စုတစ်ခုကို ဦးဆောင်ကာ ချင်းမိုင်မှ လန်ပန်းသို့ စစ်ကူအဖြစ် ရောက်ရှိလာခဲ့၏။

ဒိန်းမတ်နိုင်ငံ၊ Vindegade မြို့တွင် မွေးဖွားပြီး ကိုပင်ဟေဂင်ရှိ Royal Life Guards တွင် ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကပ္ပတိန် Hans Markvard Jensen သည် ထိုင်းဘုရင်၏ သစ္စာခံအဖြစ် အလျင်အမြန်ဖြစ်လာပြီး တက်ကြွသည့်လူငယ်တဦးလည်းဖြစ်သည်။

သြဂုတ်လ ၄ ရက် နံနက်အာရုဏ်တက်အချိန်။

လန်ပန်းမြို့၊ Wat Pa Rouk ရှမ်းဘုန်းကြီးကျောင်းအတွင်း အဆောင်အဦတွင်ဖာ့ကမိုင်းဦးဆောင်သော ရှမ်းတပ်ဖွဲ့ဝင်များ လျှို့ဝှက်စုဝေးခဲ့ကြသည်။

ဖာ့ကမိုင်းတို့ စုဝေးခဲ့ရာ လန်ပန်းမြို့၊ Wat Pa Rouk ဘုန်းကြီးကျောင်းအတွင်းရှိ ကျွန်းသစ်များဖြင့် ပြုလုပ်ထားသော အ‌ဆောက်အဦးတို့ ကျွန်တော် ရောက်ရှိသွားခဲ့ပါသည်။ ခေတ်မီစာသင်ကျောင်းကြီးတစ်ကျောင်းနှင့် စေတီတော်တို့ ဘေးတွင် ရှေးမူမပျက် ထားရှိပြီး..သာသနာရေးဆိုင်ရာပစ္စည်းများ ထားရှိရာအဖြစ် အသုံးပြုထားသည်ကို ပုံပါအတိုင်း တွေ့ရှိရသည်- Photo by Khet Zaw

ထို့နောက် အာရုဏ်တက်ချိန်တွင် မြို့အား ဝင်ရောက်တိုက်ခိုက်ကြ၏။

ခုခံမှုတစုံတစ်ရာမတွေ့ရသဖြင့် ရှမ်းတပ်ဖွဲ့များသည် မြို့ကို ဖြတ်ကျော်ပြီးနောက် ဝမ်မြစ်ကမ်းဘေးမှ လန်ပန်းမြို့စား၏ နေအိမ်သို့ ချဉ်းကပ်လာကြသည်။

Bunwat လမ်းတလျှောက်ချထားသည့် အတားအဆီးများကို ရှမ်းတပ်ဖွဲ့များက ခက်ခက်ခဲခဲ ဖြတ်ကျော်လာရ၏။

ရှမ်းတပ်ဖွဲ့များမှာ အတားအဆီးများကို ရှောင်ကွင်းကျော်ဖြတ်အပြီးတွင် လန်ပန်းကော်မရှင်နာမင်းကြီး၏ တပ်များ၊ ကပ္ပတိန်ဂျက်ဆင်၏ အထူးရိုင်ဖယ်တပ်များ ၏ သတ်ကွင်းအတွင်းသို့ ဝင်ရောက်မိသွားကြတော့သည်။

တပြိုင်တည်းတွင်ပင် လန်ပန်းမြို့စား၏ အင်အား ၁,၀၀၀ကျော်သောတပ်များက ညာသံပေးကာ ဘေးဘယ်ညာမှာ တိုက်ခိုက်ကြတော့သည်။

ရှမ်းတပ်များမှာ စနစ်တကျ ခုခံစစ်နှင့်ရင်ဆိုင်လိုက်ရသဖြင့် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာကြ၏။

လန်ပန်းမြို့စားက ရှမ်းတပ်တို့ ပြုလုပ်ခဲ့သည့်နည်းအတိုင်း ရှမ်းတော်လှန်ရေးသမားခေါင်းတခေါင်းလျှင် ဘတ် ၃၀၀ ပေးမည်ဟု အလျင်အမြန်ကြေညာလိုက်သောအခါ တမြို့လုံးနီးပါးမှ ရှမ်းတပ်များကို ပိတ်ဆို့တိုက်ခိုက်ကြတော့သည်။

ထိုနေ့ ညနေပိုင်းတွင် လန်ပန်းမြို့စား၏ အိမ်ရှေ့ ဝါးလုံးတိုင်များတွင် ရှမ်းခေါက်ဆွဲပုန်ကန်မှု၏ ဒုတိယခေါင်းဆောင် ဖာ့ကမိုင်း၏ ဦးခေါင်းအပါအဝင် ရှမ်းတပ်သား ၂၅ ဦး၏ ဦးခေါင်းများ ချိတ်ဆွဲထားသည်ကို မြင်လိုက်ကြရတော့၏။

ရှမ်းသူပုန်တို့၏ ထိုးစစ်ကို ထိုသို့ ပြတ်ပြတ်သားသားနှိမ်နင်းနိုင်လိုက်သော်လည်း နောက်ထပ် လာမည့် ပုန်ကန်သူအင်အားစုကြီးကို ရင်ဆိုင်ရန်အတွက် ထိုင်းအစိုးရမှာ စိုးရိမ်မကင်းဖြစ်လာသည်။

ထို့ကြောင့် ချင်းမိုင်ကော်မရှင်နာမင်းကြီးက.ထိုင်းမြောက်ပိုင်း၏ အဓိကမြို့ဖြစ်သည့် ချင်းမိုင်မြို့ကိုကာကွယ်ရန်.. ကပ္ပတိန်ဂျက်ဆင်၊ Louis Leonowens တို့တပ်များအနေဖြင့် လန်ပန်းကို စွန့်ခွာကာ ချင်းမိုင်ရှိ မြို့စောင့်တပ်များနှင့် ပူးပေါင်းရန် အမိန့်ပေးခဲ့သည်။

လန်ပန်း မြို့စားနှင့် ကော်မရှင်နာအပါအဝင် ထိုင်းအစိုးရအမှုထမ်းများကိုလည်း တပါတည်း ခေါ်လာခဲ့ရန် ညွှန်ကြား၏။

အစိုးရတပ်များရော၊ ရှမ်းတပ်များပါ ကင်းမဲ့သွားသည့် လန်ပန်းမြို့သည် မင်းမဲ့စရိုက်ကြီးစိုးလာပြီး ချက်ချင်းပင် လုယက်မှု၊ သတ်ဖြတ်မှုများ တိုးပွားလာခဲ့၏။

ချင်းမိုင်ကို ကာကွယ်ရန် နောက်ထပ် မြို့စောင့်တပ် အင်အား ၅၀၀၀ ရောက်ရှိလာချိန်တွင်တော့ ကပ္ပတိန်ဂျက်ဆင်၊ လန်ပန်းမြို့စား၊ ကော်မရှင်နာမင်းကြီးတို့မှာ လန်ပန်းသို့ ပြန်လည်ရောက်ရှိလာပြီး ငြိမ်ဝပ်ပိပြားရေးပြန်လည်လုပ်ဆောင်ရသည်။

လန်ပန်းမြို့ ကာကွယ်ရေးတွင် အဓိက ပါဝင်ခဲ့ကြသော ကပ္ပတိန်ဂျက်ဆင် နှင့် Louis Leonowens/Photo Ref by Siam Rat Blog

သက္ကရာဇ် ၁၉၀၂ ရှမ်းပုန်ကန်မှုကို ကာကွယ်ရန် ချင်းမိုင်မြို့တွင် တည်ဆောက်ထားသော ခံတပ်အတားအဆီးများ/Photo Ref by Siam Rat Blog

မအောင်မြင်သောပုန်ကန်မှု

……………………………………………

သြဂုတ်လ ၅ ရက်နေ့တွင် ဗြိတိသျှဒုတိယကောင်စစ်ဝန် Harold Lyle သည် ဖရဲမြို့သို့ ရောက်ရှိလာခဲ့ပြီး ဆလာပိုချိုင်းနှင့် တွေ့ဆုံခဲ့သည်။

ဒုတိယခေါင်းဆောင် ဖာ့ကမိုင်းလည်း ကျဆုံးသွားပြီဖြစ်သဖြင့် ထိုင်းအစိုးရကို ဆက်လက်တိုက်ခိုက်ခြင်းမပြုပဲ..ဗြိတိသျှလက်အောက်ခံ မြန်မာပြည်မှ ရှမ်းပြည်နယ်များအတွင်း သွားရောက်နေထိုင်ရန် အာမခံပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့၏။

ဆလာပိုချိုင်း၏ တပ်များသည် ဗြိတိသျှ‌ကောင်စစ်ဝန်၏ အကြံကို သဘောတူပြီး တပ်စုများခွဲကာ ဆုတ်ခွာသွားကြ၏။

ရှမ်းပုန်ကန်မှုကို နှိမ်နင်းရန် ဘန်ကောက်မှ စေလွှတ်လိုက်သော Field Marshall Chao Phraya Surasakmontri ဦးဆောင်သည့် စစ်တပ်များကိုလည်း ရှမ်းတို့အား အစုအပြုံလိုက်သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် ဗြိတိသျှကောင်စစ်ဝန်က မြို့တွင်းသို့ ဝင်ရောက်ရန် သုံးရက်မျှ ဆိုင်းငံ့ထားရန် တားဆီးခဲ့သည်။

ရွှေတြိဂံတစ်ဖက်ခြမ်းရှိ ပြင်သစ်များကလည်း ရှမ်းလူမျိုးများအား ထိုင်းအစိုးရမှ လူမျိုးတုန်းသတ်ဖြတ်မည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။

သို့သော်လည်း နှစ်လသုံးလကြာသည်အထိ ရှမ်းတော်လှန်ရေးအင်အားစုများမှာလည်း အစုလိုက် ပြန့်ကြဲသွားပြီး ထိုင်းမြောက်ပိုင်းမြို့များကို ကြိုကြား တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲပင်။

၁၉၀၂ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖေအိုမြို့အနီး တိုက်ပွဲတစ်ခုတွင် ဒိန်းမတ်စစ်ဗိုလ် ကပ္ပတိန်ဂျက်ဆန်၏ တပ်များနှင့် ဆလာပိုချိုင်း၏ တပ်များ တွေ့ဆုံတိုက်ပွဲဖြစ်ကာ ကပ္ပတိန်ဂျက်ဆန် ကျဆုံးသွားခဲ့သည်။

ထိုင်းစစ်တပ်မှ ရှမ်းတပ်များကို အပြီးတိုင်ချေမှုန်းရန် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ကြရာမှ နောက်ပိုင်းတွင် ဆလာပိုချိုင်းလည်း ကျဆုံးသွားခဲ့၏။

ဆလာပိုချိုင်းကျဆုံးပြီးသည့်နောက် ရှမ်းတော်လှန်ရေးမှာ အလျင်အမြန်ပင် ပြိုကွဲသွားသည်။

ရှမ်းပုန်ကန်မှု၏ခေါင်းဆောင် ဆယ်ဦးကို ဖရဲမြို့တွင် ပင် ကွက်မျက်ခဲ့ပြီး ကျန် ၁၆ဦးအား ဘန်ကောက်တွင် ရုံးတင်စစ်ဆေးကာ သေဒဏ်ပေးခဲ့၏။

ပုန်ကန်သူများနှင့်ပူးပေါင်းခဲ့ပြီး လက်မှတ်ရေးထိုးပေးခဲ့သော ဖရဲမြို့စား သီပဝန်စီမှာ လာအိုနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ပြီး ထိုင်းဘုရင်မှ မျက်ကွယ်သေဒဏ်ချမှတ်ခဲ့သည်။

ရှမ်းခေါက်ဆွဲပုန်ကန်မှု တစ်ခုလုံး၏ နောက်ကွယ်တွင် လာအိုဘက်မှ ပြင်သစ်အာဏာပိုင်များ ရှိနေကြောင်းနှင့် ပုန်ကန်လှုပ်ရှားမှုတွင် ဆလာပိုချိုင်းနှင့် ဖာ့ခမိုင်းတို့မှာ ပြင်သစ်လက်အောက်ရောက်ရှိနေသော မြန်မာဘုရင်၏သားတော် မြင်းကွန်းမင်းသားနှင့် ချိတ်ဆက်လှုပ်ရှားမှုများရှိခဲ့ကြောင်း ထိုင်းထောက်လှမ်းရေးနှင့် ဗြိတိသျှစစ်တပ်က စွပ်စွဲထားကြသော်လည်း သက်သေပြနိုင်ခြင်းမရှိခဲ့ကြ။

ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသူများကို ဖမ်းဆီးကွပ်မျက်ပစ်ရာ ဖရဲမြို့စားနေအိမ်အောက်ရှိ အကျဉ်းစခန်း/photo ref by – Siam Rat Blog

ထိုင်းဘုရင့်အစိုးရ၏ ပါးနပ်သောကိုင်တွယ်မှုမှသည် ခေတ်သစ်ထိုင်းနိုင်ငံဆီသို့

……………………………………………………………………………………………………………..

ရှမ်းခေါက်ဆွဲပုန်ကန်မှု ဟု အမည်တပ်ထားသော ထိုင်းမြောက်ပိုင်းရှမ်းတို့၏ ပုန်ကန်မှုအရေးအခင်းပြီးသည့်နောက် ထိုင်းအစိုးရအနေဖြင့် မြောက်ပိုင်းရှိ ရှမ်းလူမျိုးများအပေါ် အစုအပြုံလိုက်သတ်ဖြတ်ခြင်း၊ နှင်ထုတ်ခြင်းများပြုလုပ်မည်ကို ဗြိတိသျှနှင့် ပြင်သစ်များက စိုးရိမ်ခဲ့ကြသည်။

၁၉၀၂ ခုနှစ်ကုန်သည်အထိ ပုန်ကန်မှု၏ အစွယ်အပွားများမှာ ပြင်သစ်နယ်မြေနှင့်ကပ်လျက်ဖြစ်သော ထိုင်းမြောက်ပိုင်းတလျှောက် ဆက်လက် ဖြစ်ပွားနေပြီး ထိုင်းအစိုးရရော၊ ဗြိတိသျှတို့ပါ ခက်ခဲစွာကိုင်တွယ်ခဲ့ရ၏။

ပြင်သစ်တို့ကလည်း ကြားခံနယ်မြေတွင် လက်နက်ကိုင်များကို ထောက်ပံ့ပေးထားခြင်းဖြင့် ဗြိတိသျှနှင့်ရော၊ ထိုင်းအစိုးရနှင့်ဆက်ဆံရေးကိုပါ ကစားကွက်ဖော်နေခဲ့သည်။

သို့သော် ထိုင်းအစိုးရမှာ ပုန်ကန်သူလူမျိုးတို့ကို နှိပ်ကွပ်သည့် ပဒေသရာဇ်နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းခြင်း မပြုတော့ပဲ ပုံစံတစ်မျိုးဖြင့် ပြဿနာကို ချဉ်းကပ်ခဲ့သည်။

ချူလာလောင်ကွန်း၏ အစိုးရသည် ပြင်သစ်အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံညှိ့နှိုင်းခဲ့ပြီး စာချုပ်သစ်များချုပ်ဆိုကာ ရှမ်းလက်နက်ကိုင်တို့၏ နယ်မြေကို တဖြည်းဖြည်းကျဉ်းမြောင်းစေခဲ့သည်။

အုပ်ချုပ်ရေးစနစ်ကို ပိုမို ရှုပ်ထွေးစေသည့် ထိုင်းမြောက်ပိုင်းဒေသတွင်း မိရိုးဖလာအုပ်ချုပ်သူများ အခန်းကဏ္ဍကို လုံးဝဖျက်သိမ်းကာ ဗဟိုအစိုးရမှ အရာရှိများက အာဏာအပြည့်ရယူခဲ့သည်။

ထို့အပြင် အခွန်ပြဿနာမှ စတင်သည့်အတွက် ထိုင်းမြောက်ပိုင်းမှ ဒေသခံများအတွက် ဘတ်ဂျက်များ ပိုတိုးပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် အမြန်ရထားလမ်းများ ဖောက်လုပ်ပေးရေး၊ ဆည်မြောင်းနှင့် စိုက်ပျိုး‌ရေးကိစ္စများတွင် အစိုးရဘတ်ဂျက်များ ပိုမိုပေးရေးတို့ဖြင့် လျင်လျင်မြန်မြန် ဖြေရှင်းပေးခဲ့သည်။

မြောက်ပိုင်းလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်လက်ခံပေးပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာသီးခြားလွတ်လပ်ခွင့်အချို့ ပေးလာခဲ့သည်။

သို့သော် အငြင်းပွားစရာအချို့တော့ ရှိနေဆဲပင်။

မည်သို့ပင်ဆိုစေ..နောက်ထပ်ဆယ်စုနှစ်များတွင်တော့ ထိုင်းမြောက်ပိုင်းသည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တောင်ပိုင်းနှင့် တသားတည်းနီးပါးဖြစ်သွားခဲ့၏။

ပုန်ကန်လှုပ်ရှားမှုများလည်း လုံးဝမရှိတော့သလောက် ပျောက်ကွယ်သွားခဲ့လေပြီ။

ခေတ်သစ်ထိုင်းနိုင်ငံ၏ သမိုင်းတွင် ရှမ်းခေါက်ဆွဲပုန်ကန်မှု ကို အဖုအထစ်လေးတစ်ခုအဖြစ်သာ မြင်ကြမည်ဖြစ်သော်လည်း ထိုဖြစ်စဉ်၏ နောက်ကွယ်တွင် ခွဲထွက်ရေးပြဿနာတစ်ခုကို လျင်မြန်စွာဖြေရှင်းပေးနိုင်ခဲ့သည့် နိုင်ငံရေးအရကိုင်တွယ်ပုံနည်းစနစ်အသစ်တစ်ခုကို တွေ့မြင်နိုင်မည်ဖြစ်သည်။

ထိုသို့သော ပါးနပ်စွာဖြေရှင်းမှုကြောင့် ဖွံ့ဖြိုးစနိုင်ငံတနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာ၊ ခွဲထွက်ရေးပြဿနာကို ရှောင်လွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ကျွန်တော့်တကိုယ်ရည်အားဖြင့် ယူဆပါသည်။

ထိုအချက်သည် လက်ရှိ အာရှတိုက်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေသော ထိုင်းနိုင်ငံ ဖြစ်ပေါ်လာရခြင်းအကြောင်းများထဲမှ အရေးပါသောအချက်တစ်ချက်လည်း ဖြစ်နိုင်သည်။

ချင်းမိုင်မြို့ သင်္ချိုင်းငယ်လေးတစ်ခုထဲမှ ဒိန်းမတ်လူမျိုး စစ်ဗိုလ်လေး၏ အထိမ်းအမှတ်ကျောက်တိုင်မှတဆင့် နိုင်ငံတနိုင်ငံ၏ သမိုင်းဆိုင်ရာအပြောင်းအလဲတစ်စကို ဆွဲထုတ်ခြင်းအား ယခုနေရာတွင်ပင် အဆုံးသတ်လိုက်ရပါသည်။

Ref List

……………

1. Trouble in Phare – The Shan Rebellion of 1902 by Siam Rat Blog

2. The Dane Who Save The North – by Scand Asia 2009 Oct 15

3. Seditious State-Making in the Mekong Borderlands: The Shan Rebellion of 1902–1904. Andrew Walker. Journal of Social Issues in Southeast Asia Vol. 29, No. 3 (2014), pp. 554–90

4. Borders in Motion on the Upper Mekong: Siam and France in the 1890’s. Andrew Walker. ANU Research Publications. 2008.

5. The French Wolf and the Siamese Lamb. Patrick Tucker. White Lotus. 1995

6. Louis and the King of Siam. W.S. Bristowe. Chatto & Windus. 1976.