နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ မတ်၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

ရန်ကုန်မြစ်အတွင်းက MEC ထီးတန်းဆိပ်ကမ်းကို ဆိုက်ကပ်ပြီးဆီချရန် ​စောင့်ဆိုင်း​နေ​သည့် အကြမ်းဖက်စစ်တပ်၏ Jet A1 ​လေယာဥ်ဆီတင် MV သင်္ဘောကို ​​ရေငုပ်အထူးတပ်ဖွဲ့က TNT ချိန်ကိုက်မိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းပြီး တရားမျှတမှုပြန်လည်ရရှိရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော်တို့နှင့် ပူးပေါင်းကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံတွင် အမျိုးသားညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF များအကြောင်း ရိုက်ကူး ထားသော အရိပ်ထဲကပြည်သူ့တပ်မတော်) မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အမှတ်(၁) ရဲစခန်းအချုပ်ခန်းတွင် ဖမ်းဆီးခံထားရသည့် LGBT တဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) နှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် နံ့သာဟေဝန် ပန်းခြံတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ အတွင်း မှ ရဲတပ်ကြပ် တဦး လက်နက်ခဲယမ်း နှင့်အတူ ရေစကြို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အလင်းဝင် ရောက်လာကြောင်း ယင်းအဖွဲ့ က ယနေ့ မတ်လ ၁ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force – UG တပ်ဖွဲ့မှ သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့၊ နံ့သာဟေဝန်ပန်းခြံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်တွင် သေဒဏ် နှစ်ကြိမ်ချမှတ်ခံထားရသူ လေးဦး နှင့် သေဒဏ် တကြိမ်ချမှတ်ခံထားရသူ တဦး အပါအဝင် အမျိုးသား ခုနစ်ဦးကို သေဒဏ်များထပ်မံချမှတ်ခဲ့ ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံကသိရသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ( MSFC )၏ ဒုတိယအကြိမ်ညီလာခံတွင် ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ(သုညမူကြမ်း) အတည်ပြုနိုင်ခဲ့ကြောင်း MSFC မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် က ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၁၀ နာရီ အချိန်တွင် တောင်ရွာသစ်ကျေးရွာကို ထပ်မံ မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ တက္ကသိုလ် တိုက်ပွဲအတွင်းမှ ကယ်ထုတ်ထားသူများအနက် ကျောင်းသူ၊ ကျောင်းသားအချို့ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကလေးPDF တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းထံသို့ ရုံးချိန်းသွားရောက်တွေ့ဆုံသည့် မဆုရည်လင်း၏ အဒေါ်ဖြစ်သူအား စစ် ကောင်စီမှ ဖမ်းဆီးထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းထံမှသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ်၊ မင်းတပ်မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF-MINDAT က ယနေ့ မတ်လ ၁ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ (၅၅၀) တပ်ရင်းတခုလုံးအား အလုံးစုံ သိမ်းပိုက်ရန် လက်တကမ်းအလိုသို့ ရောက်နေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ စစ်ကောင်စီရေတပ် စစ်သင်္ဘော မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးကာ ၈၀ ဦးခန့် ဒဏ်ရာရခဲ့ပြီး ယင်း လုပ်ရပ် သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ကာ ပါဝင်ပတ်သက်သူများကို အရေးယူမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့မဈေးအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၈၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်ကို စစ်ကောင်စီက ရခိုင့်တပ်တော် AA ၏ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့်ဟု မတ်လ ၁ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ရေးသားထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဓားပြတိုက်နေသည့် စစ်ကောင်စီရွေးကောက် ပွဲ ကော်မရှင်ရုံး မှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော အဖွဲ့ကို ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၉ရက်နေ့ နေ့လည် ၁၂နာရီ ၅မိနစ်အချိန်က မကွေးမြို့ပတ်ဝန်းကျင်တွင် စစ်တပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း မတ်လ ၁ ရက်၊ နံနက်အစောပိုင်း ၂ နာရီကျော်လောက်က ဒီဇယ်ဆီတင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား(၂)ယောက် သေဆုံးကာ (၂)ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့က ပြောဆိုထားသည်။

မတ် ၁ သုံးသပ်ချက်

စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြီးမှ အရပ်သားပစ်မှတ်များကို AA ကပစ်ခတ်ခြင်းဖြစ်ကြောင်း ဗြောင်လိမ်ကာ ထုတ်ပြန်သည်။စစ်ကောင်စီတစ်ဖွဲ့ လုံးသည် မည်သည့် အခါမျှ အမှန်တရားပြောဆိုခြင်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းဟု မှတ်ချက်ပြုရမည်ဖြစ်သည်။