သံတွဲ၊ ဆင်ခေါင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄ ဦးရှိဟု AA ပြော

Photo- Google Map

Photo- Google Map

ရွှေနွယ်

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးကြောင်း အာရက္ခတပ်တော် (AA) က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ သေဆုံးလူစာရင်းသည် AA မှ အတည်ပြုနိုင်သော လူစာရင်းသာဖြစ်ကာ ကျေးရွာအတွင်း ဒေသခံပြည်သူများ မရှိတော့သည့်အတွက် အတည်ပြု၍မရသော သေဆုံးသူများလည်း ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဇွန်လ ၄ ရက်နေ့ အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူအားလုံးသည် ဆင်ခေါင်းရွာဒေသခံများဖြစ်ပြီး သေဆုံးသူများအနက် အသက် တနှစ် တလအရွယ် မိန်းကလေးငယ်တဦးလည်း ပါဝင်သည်ကို AA ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အလားတူ အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးရှိပြီး ရွာခံများမှာ ရှောင်တိမ်းနေကြသောကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ ယခုထက်ပိုများနိုင်ကြောင်းလည်း ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဆင်ခေါင်းကျေးရွာမှ နေအိမ် ၆၀ ထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်းလည်း AA က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သံတွဲမြို့နယ် ဂေါ့ရွာအနီးတွင် ဇွန်လ ၂ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော်တို့ တိုက်ပွဲ ပြင်းထန်ပြီးနောက် ဂေါ့ရွာနှင့် မိုင် ၂၀ ခန့်လှမ်းသည့် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုနှင့် စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခက်မှုများကြောင့် ဆင်ခေါင်းကျေးရွာ တရွာလုံးနီးပါးပျက်စီး၍ ရွာခံများမှာလည်း နေရပ်စွန့်ခွာထွက် ပြေးနေကြရခြင်းဖြစ်သည်။

လက်ရှိမှာ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ကြားတိုက်ပွဲများ ပြင်းထန်နေဆဲဟု သိရသည်။

ရခိုင်ပြည်နယ်အတွင် ခုနစ်လကြာ တိုက်ပွဲများတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများကြောင့် သေဆုံးရသူအရပ်သား ၃၁၉ ဦးရှိပြီး ဒဏ်ရာရသူ ၁,၁၄၆ ဦးရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသည်။

စာတည်း။ ။ နောင်နောင်