မေလအတွင်းပျံ့နှံ့ခဲ့တဲ့သတင်းအမှားများ

ZZ

(မဇ္ဈိမ) ။ ။ သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ်ကနေ လစဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ပြီးခဲ့တဲ့ တစ်လအတွင်း ဘယ်လိုသတင်းအမှားတွေပျံ့နှံ့ခဲ့လဲဆိုတာကို တင်ဆက်ပေးသွားမှာပါ။

ပြီးခဲ့တဲ့မေလမှာတော့ တိုက်ပွဲသတင်းအမှားတွေ၊ ရခိုင်ပြည်နယ်အ‌‌ရေး၊ အာရက္ခတပ်တော်နဲ့ပတ်သက်လို့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေတဲ့သတင်းအမှားတွေနဲ့အတူ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းအမှားလည်း ပျံ့နှံ့ခဲ့ပါတယ်။

လတိုင်းလိုလိုမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့ ထိတွေ့တိုက်ပွဲတွေအကြောင်း သတင်းတု ပျံ့နှံ့လေ့ရှိပါတယ်။
မြေပြင်အခြေအနေတွေနဲ့အတူ အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာမှာ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပုံအဟောင်းတွေ၊ ဗီဒီယိုအဟောင်းတွေ၊ အခြားနိုင်ငံက အဖြစ်အပျက်တွေနဲ့ သတင်းတုဖြန့်တာတွေကိုလည်း သတိထားရမှာပါ။

တိုက်ပွဲသတင်းအမှားတွေထဲမှာ ပုံတွေကိုပြန်ပြုပြင်ပြီးဖြန့်ဝေတဲ့သတင်းအမှားတွေ၊ ပုံအဟောင်းတွေသုံးပြီးဖြန့်ဝေတဲ့သတင်းအမှားတွေရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်တွေကို ရွာကိုမီးရှို့ပါတယ်ဆိုပြီးလွှဲချခဲ့တဲ့ သတင်းအမှား၊ KIA စစ်ဦးစီးချုပ် အာခေါင်လွှမ်းဟာ လက်နက်ကြီးထိမှန်လို့သေဆုံးတယ်ဆိုပြီး ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေကို စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေးနဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်တဲ့ သတင်းအမှားတွေ၊ AA နဲ့ NUG ကြားနားလည်မှုလွဲ‌စေနိုင်တဲ့ သတင်းအမှားတွေ AAကို ပုံဖျက်တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေကို စစ်ဆေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဒီချိန်မှာ စစ်ကောင်စီတပ် အထိနာတဲ့ တိုက်ပွဲတွေမှာ ဒါကိုဖုံးကွယ်ဖို့ လုပ်ကြံလီဇယ်ပြီး စစ်ကောင်စီတပ် ထောက်ခံသူတွေက သတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ရဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ နယ်မြေတချို့လက်လွှတ်ပြီးတဲ့နောက်မှာတော့ စစ်တပ်ထောက်ခံသူတွေဟာ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေဖြစ်စေဖို့ အရှိန်အဟုန်နဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတာဟာ သက်သေဖြစ်ပါတယ်။

မြေပြင်အခြေအနေ ရှုပ်ထွေးနေပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဆက်သွယ်ရခက်ခဲနေတဲ့ အခြေအနေမှာ သတင်းတိုင်းကို အလွယ်တကူ မယုံကြည်လိုက်ဘဲ တိကျသေချာတဲ့ မြေပြင်အချက်အလက်တွေနဲ့အတူ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေက ဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်။

ရွှေဈေးတွေ တတ်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့ အချိန်မှာပဲ စစ်ကောင်စီတပ်က တရားမဝင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ ကို ဖမ်းဆီးတာတွေ ရှိလာပါတယ်။ တဆက်တည်းမှာပဲ ရွှေနဲ့ ဒေါ်လာ ကိုင်ဆောင်ထားသူတွေ အခွန်ဆောင်ရမယ်ဆိုတဲ့ သတင်းအမှား ပျံ့နှံ့ခဲ့တာပါ။

သဘာဝဘေး အန္တရာယ်နဲ့ဆိုင်တဲ့ သတင်းအမှားမှာတော့ ရီမယ်မုန်တိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝင်ရောက်တိုက်ခိုက်လို့ ပျက်စီးဆုံးရှုံးခဲ့တဲ့ဓာတ်ပုံတွေဟာ အခြားနိုင်ငံကပုံအဟောင်းတွေဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မိုးရာသီလည်း ဖြစ်တာကြောင့် မုန်တိုင်းသတင်းတွေအပြင်၊‌ ရေကြီးတာ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားစွင့်ထားဖို့လိုသလို ကြိုတင်ပြင်ဆင်သင့်တာတွေကိုလည်း ပြင်ဆင်ဖို့ တိုက်တွန်းလိုက်ပါရစေ။

အခုတင်ဆက်ပေးခဲ့တာကတော့မေလအတွင်းပျံ့နှံ့ခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။