အင်ဖာထောင်၌ ထိန်းသိမ်းထားသူများထဲမှ ၃၈ဦး မြန်မာပြည် ပြန်ပို့

ပုံအညွှန်း - ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများ။ \ ဓာတ်ပုံ - ဘရန်ဆင်း (မဏိပူရဝန်ကြီး) လူမှုကွန်ရက်။

ပုံအညွှန်း – ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများ။ \ ဓာတ်ပုံ – ဘရန်ဆင်း (မဏိပူရဝန်ကြီး) လူမှုကွန်ရက်။

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ အင်ဖာထောင်တွင် ထိန်းသိမ်းထားသူများထဲမှ ဒုတိယအသုတ်အနေဖြင့် ၃၈ဦး ထပ်မံ၍ မြန်မာပြည်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် ဘရန်ဆင်းက ဇွန်လ ၁၁ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားသည်။

“မြန်မာနိုင်ငံသား ၃၈ ဦးကို မိုးရေးမြို့ရှိ Integrated Check Post (ICP) က တဆင့် မူလနိုင်ငံသို့ လုံခြုံချောမွေ့စွာ လွဲပြောင်းပေးအပ်ပြီးဖြစ်သည်” ဟု ဝန်ကြီးချုပ်က ရေးသားထားသည်။

ပြည်နယ်အစိုးရအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး နိုင်ငံ၏နယ်နိမိတ်များကို လုံခြုံစွာကာကွယ်သွားမည်ဟု ဆိုသည်။

လွှဲပြောင်းပေးသည့် ၃၈ဦးတွင် စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ပြီး ကလေးငယ် ၁၀ဦး၊ အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား ၂၀ဦးတို့ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများ။ \ ဓာတ်ပုံ - ဘရန်ဆင်း (မဏိပူရဝန်ကြီး) လူမှုကွန်ရက်။

“ဟုတ်တယ်၊ မနေ့က လွှဲပေးလို့ရောက်လာကြပြီ ၊ ဒါပေမဲ့ သူတို့ကခွင့်မပြုသေးလို့ သွားမတွေ့ရသေးဘူး ၊ အရင်အသုတ်လိုပဲ အခုနားနေတဲ့နေရာက သွားခေါ်ပြီး နေရပ်ပြန်ခိုင်းမယ်လို့ကြားတယ်” ဟု ပြန်ပို့ရာတွင်ပါဝင်သူ၏ ဆွေမျိုးတဦးဖြစ်သူက မဇ္စျိမကိုပြောသည်။

အင်ဖာထောင်တွင် ထိန်းသိမ်းထားသူများကို အင်ဖာထောင်မှ အိန္ဒိယ – မြန်မာနယ်စပ် မိုးရေးမြို့သို့ မော်တော်ကားဖြင့် ခေါ်ဆောင်လာပြီး နယ်စပ်တံတားမှတဆင့် တမူးမြို့ဘက်သို့လွှဲပြောင်းပေးရာ မြန်မာပြည်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီဌာန(လဝက)က လက်ခံခဲ့ကြောင်းသိရသည်။

ပုံအညွှန်း - ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများ။ \ ဓာတ်ပုံ - ဘရန်ဆင်း (မဏိပူရဝန်ကြီး) လူမှုကွန်ရက်။

မဏိပူရပြည်နယ်အတွင်း အလုပ်လုပ်ကိုင်ရန်လာရောက်ခဲ့သည့် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသဖြင့် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်များချခံရကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

မေလ၂ရက်နေ့ကလည်း အင်ဖာထောင်မှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး နှင့် ကလေးငယ် ၃၉ဦး ကို ပထမအသုတ်အဖြစ် မိုးရေးမြို့မှတဆင့် တမူးမြို့ဖက်သို့ လွှဲ ပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ်က စီစစ်ပြီးမြန်မာနိုင်ငံသား ၇၇ ဦးကို ပြန်လည်ပို့ဆောင်မည်ဟု ပြောကြားခဲ့ပြီး ပထမအသုတ်နှင့် ယခုအသုတ်ပေါင်းလိုက်မည်ဆိုပါက အရေအတွက်ပြည့်သွားခဲ့ပြီ ဖြစ်သည်။

ပုံအညွှန်း - ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများ။ \ ဓာတ်ပုံ - ဘရန်ဆင်း (မဏိပူရဝန်ကြီး) လူမှုကွန်ရက်။

သို့သော် အင်ဖာထောင်နှင့် ထိန်းသိမ်းရေးစခန်းများတွင် မြန်မာပြည်သား ၂၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံနေရကြောင်း အဖမ်းဆီးခံမိသားစုဝင်များထံမှသိရပြီး ၎င်းတို့လည်း မကြာမီလွတ်မြောက်နိုင်ရန် မျှော်လင့်လျက်ရှိနေကြသည်။

ဖမ်းဆီးခံရသူများကို ကျန်ရစ်သူမိသားစုများက လစဥ် အစားအသောက်အတွက် ထောင်ဝင်စာငွေများပေးပို့နေရပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုအတွက် ခြောက်လ ထောင်ဒဏ်ကျခံပြီးသော်လည်း နှစ်နှစ်ကျော် ထောင်တွင်းဆက်လက်ချုပ်နှောင်ခံနေရကြောင်း မိသားစုဝင်များထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)