ကြေးနီသယ်ကားများကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၃ဦး သေဆုံးဟုဆို

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်း ကြေးနီများသယ်ဆောင်လာပြီး လုံခြုံရေးယူထားသောတပ်ကို နှစ်ရက်ဆက်၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်တဦးအပါဝင် သုံးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ မုံရွာခရိုင်အမှတ်(၁၁) People’s Defence Force – South Monywa က ယနေ့(ဇွန်လ ၁၂ရက်)တွင် ထုတ်ပြန်သည်။

ဆားလင်းကြီးမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော ကြေးနီတင်တွဲကား ၁၂စီးပါ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းစဥ် မုံရွာ – ချောင်းဦးလမ်းပိုင်း၌ မြပုလဲဂိတ်မှလာသည့် စစ်ကောင်တပ်ဖွဲ့ဝင်ထဲမှ လေးဦးသည် မိုင်းကွင်းအနီး၌ ကားပေါ်ပါလာသည့် အရာရှိကို အလေးပြုနေချိန် ယမန်နေ့(ဇွန်လ ၁၁ရက်)ညနေ ၄နာရီအချိန်တွင် ပဒေသာမိုင်းကြီး သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ အနီးကပ်သွားပြီး မြင်ရတဲ့အနေအထားကနေ ကင်းဝပ်ပြီး သွားဆွဲခဲ့တာပါ ၊ ကားအဖြတ်နဲ့ မိုင်းဆွဲတာကြုံပြီး သေဆုံးဒဏ်ရာရကုန်ကြတာ” ဟု PDF South Monywa တာဝန်ခံ ဒေါင်းကာရံ က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကားခေါင်းခန်းက လိုက်ပါလာသည့် စစ်ကောင်စီတပ်က ဗိုလ်နှင့် မြေပြင်ရှိ လေးဦးအနက် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း တိကျခိုင်မာသည့် မြေပြင်သတင်းရင်းမြစ်များက ပြန်သိရသည်ဟု ဆိုသည်။

လုံခြုံရေးယူထားသည့် ကျန်သော စစ်ကောင်စီတပ်များက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များအထိအခိုက်မရှိကြောင်း သိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ကြေးနီကားပေါ်တင်သွားပြီး ဒဏ်ရာရသူနှင့် အခြားတပ်သားအချို့ကို မုံရွာမြို့ဘက်သွားသည့် ခရီးသည်ကား ပေါ်တင်သွားကြောင်း ဒေါင်းကာရံက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၁) တပ်ခွဲ(၁) PDF – South Monywa နှင့် တပ်ခွဲ(၃) တပ်စု(၂) Youth Vigor Revolution Force တို့ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိမှုများကို မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇွန်လ ၁၀ရက်နေ့ မနက် ၈နာရီ ၄၀ မိနစ်အချိန်ကလည်း ဝမ်ပေါင်မှ ထွက်လာသည့် ကြေးနီတင်တွဲကား ခုနစ်စီးကို ချောင်းဦးမြို့နယ် ၊ နတ်ရေကန်နှင့် ရေပိုးစားကြား နှစ်နေရာ၌ မိုင်းခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ရာ တွဲကားတစီးထိခိုက်ပျက်စီးကြောင်း PDF – South Monywa က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုတွင် PDF – South Monywa ၊ နွေဦးလူငယ် PDF ၊ Myinmu Local Defence Force ၊ Pentagram ၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းမများပေါ်တွင် စစ်ကောင်စီတပ်များရှိနေစဥ် အနီးနားတွင်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ မဖြစ်မနေ ခရီးသွားလာကြရသည့် ခရီးသွားပြည်သူများ သတိဖြင့်ဂရုစိုက်သွားလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို လေးစားလိုက်နာပေးကြပါရန် PDF -South Monywa က မေတ္တာရပ်ခံထားသည်။

ကြေးနီစီမံကိန်းမှ ဝင်ငွေရရှိပြီး စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရန်နှင့် ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နိုင်ရန် အခွင့်အလန်းများဖြစ်စေနိုင်သဖြင့် ဒေသတွင်းရှိသပိတ်စစ်ကြောင်းများက စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြနေပြီး ကာကွယ်ရေးတပ်ဖွဲ့ များကလည်း တိုက်ခိုက်လျက်ရှိနေသည်။

စာတည်း – သန့်ဇော်(သန်လျင်)