တီးတိန်တိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

ပုံအညွှန်း။ ။ မေလ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်ပစ်လိုက်သောလက်နက်ကြီးကြောင့် တီးတိန်မြို့ရှိ CCJ hall ပျက်စီးသွားသည့်မြင်ကွင်း \ ဓာတ်ပုံ။ ။ Zam Ngo Kim

ပုံအညွှန်း။ ။ မေလ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်ပစ်လိုက်သောလက်နက်ကြီးကြောင့် တီးတိန်မြို့ရှိ CCJ hall ပျက်စီးသွားသည့်မြင်ကွင်း \ ဓာတ်ပုံ။ ။ Zam Ngo Kim

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ လေးတော့တန်းရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့မှ ရဲဘော်ငါးဦးကျဆုံးသွားကြောင်း PDF -Zoland နှင့် ချင်းအမျိုး သားကာကွယ်ရေးတပ်(CNDF) တာဝန်ရှိသူများထံမှ သိရသည်။

ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၇ နာရီက တီးတိန်အခြေစိုက် ခလရ(၂၆၉)မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တီးတိန်မြို့၊ လေးတော့တန့်ရပ်ကွက်တွင်ကင်းစောင့်နေသော ချင်းညီနောင်တပ်ဖွဲ့ တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တာဝန် ရှိသူက မဇ္စျိမကို ပြောသည်။

“မနက်အစောပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ကျွန်တော်တို့ဘက်က ကင်းစောင့်နေတဲ့ရဲဘော်တွေ ထိ တွေ့တိုက်ပွဲဖြစ်ပွားတာပါ။ PDF-Zoland က ရဲဘော်လေးယောက်နဲ့ CNDF ရဲဘော်တယောက် စုစုပေါင်း ငါးယောက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရပါတယ်။ လက်ရှိက စစ်ရေးတင်းမာနေဆဲပါ” ဟု ချင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်သည် လေးတော့တန့်ရပ်ကွက် ဆိုင်းဇန်လမ်းခွဲအနီးတွင် ကင်းစောင့်နေသည် ချင်းညီ နောင်တပ်ဖွဲ့များအား ဒရုန်းများ၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးသွား သည့် ရဲဘော်များ၏ရုပ်အလောင်းများကို အနီးအနားရှိ လူနေအိမ်နှင့်အတူ မီးရှို့သွားကြောင်း PDF -Zoland တာဝန်ရှိသူမှ ပြောသည်။

တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို PDF – Zoland နှင့် CNDF တို့မှ မေလ ၂၆ ရက် ညပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားသော မိုက်ခရိုဝေ့စ်စခန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ စစ်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းကာ ကွယ်ရေးပူးပေါင်းတပ်က မြို့ထက်ဝက်ခန့်ကို စိုးမိုးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တီးတိန်မြို့ပေါ်တွင် ခလရ (၂၆၉)နှင့် မြို့မရဲစခန်းတို့၌ တပ်စွဲနေခြင်းဖြစ်ပြီး မြို့ မြောက်ဘက်ပိုင်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

ယခုတိုက်ပွဲသည် ချင်းကာကွယ်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားသော တီးတိန်မြို့တောင်ပိုင်းကို စစ် ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း PDF-Zoland ကဆိုသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၈ ရက်နေ့က တီးတိန်မြို့နယ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်မှ မဏိပူရ်မြစ်ကူးတံတားဖြစ်သော မံဆောင်းတံတားနှင့် ၁၀ ရက်နေ့တွင် ကျီခါး-တွန်းဇံ-တီးတိန်-ကလေးမြို့များသို့ဆက်သွယ်ရာ၌ အရေးပါသော ဇလွေးချင်းတံတားတို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ