တပ်သားသစ်ရဖို့ တွေ့ရာလူ ဆွဲသွင်းလာတဲ့ စစ်ကောင်စီ (ဓားရိုင်း)

စစ်မှုထမ်း အပတ်စဉ်(၂)အတွက် သတ်မှတ်လူဦးရေပြည့်မှီဖို့ အဓမ္မလူဖမ်းပွဲတွေလုပ်လာသလို သတ်မှတ်ချက်တွေ နဲ့မကိုက်ညီသူတွေကိုပါ ဆွဲခေါ်တဲ့အထိ စစ်ကောင်စီ လုပ်လာနေတာဖြစ်ပါတယ်။ ဒါ့အပြင်သူတို့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ သားသမီးတွေကိုတောင် အလွတ်မပေးတော့တဲ့အထိ လုပ်ဆောင်လာတာဖြစ်ပါတယ်။ အပတ်စဉ်(၂)အတွက် စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ရပ်ကွက်အတွင်းနေထိုင်တဲ့ တာဝန်ထမ်းဆောင်ဆဲ ဌာန ဆိုင်ရာဝန်ထမ်းသားသမီးတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးပိုင်းက စာရင်းထည့်သွင်းပေးတာ တွေလုပ်ဆောင်လာတာဖြစ်ပါတယ်။

အဲဒီလိုစာရင်းထည့်သွင်းရာမှာ ရာထူးကြီးသူတွေရဲ့ သားသမီးတွေတော့မပါ ပါဘူး။ ဝန်ထမ်းသားသမီးတွေကို ကင်းလွတ်ခွင့်ပြုထားတဲ့အကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကိုသွားပြောပေမယ့် အပေါ်ကခိုင်း တဲ့အတိုင်းလုပ်ရတာဖြစ်ပြီး မကျေနပ်ရင် တိုင်ချင်ရာတိုင်ဆိုတာမျိုးအထိပြော ခံရတွေတာ လည်းရှိနေတာပါ။ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ထုတ်ပြန်ချက်တွေထဲမှာ မိဘနှစ်ပါးစလုံးဟာ နိုင်ငံ့ ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲ ဒါမှမဟုတ် သက်ပြည့်အငြိမ်းစားယူပြီးသူ တွေရဲ့သားသမီးတွေကို စစ်မှုထမ်းရမယ့်ကာလတဝက်၊ မိဘနှစ်ပါးအနက် တဦးဦးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲ ဒါမှမဟုတ် သက်ပြည့်အငြိမ်းစားယူပြီးသူတွေရဲ့ သားသမီး တွေကို စစ်မှုထမ်းရမယ့် ကာလ သုံးပုံ တပုံအထိ လျှော့ပေါ့ပေးနိုင်တယ်လို့ပါရှိတာဖြစ်ပါတယ်။

ဒါပေမဲ့လက်တွေ့ မှာတော့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အထက်အမိန့်ဆိုပြီး စစ်ကောင်စီ လက်အောက် ကဝန်ထမ်း သားသမီးတွေမကျန် စစ်မှုထမ်းဖို့အတွက် စာရင်းထည့်သွင်းတာတွေလုပ်ဆောင်လာ တာဖြစ်ပါတယ်။

စစ်မှုထမ်းစာရင်းမှာ ထည့်သွင်းခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေဟာ သား သမီးတွေကင်းလွတ်ခွင့်ဖို့အတွက် သက်ဆိုင်ရာဌာနအကြီးအကဲတွေကတဆင့် တင်ပြတာတွေပြုလုပ်ထားကြပြီး ကင်းလွတ်ခွင့် ရ/မရတော့ မသိရသေးဘူးလို့ ဆိုထားကြပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ စစ်မှုထမ်း ဥပဒေ ပုဒ်မ(၂၂)မှာ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်း မသန်စွမ်းသူတွေ၊ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ် မှုထမ်းဖို့ အမြဲတမ်းမသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ်ထားသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အမိန့်ထုတ်ပြန်ပြီး ကင်းလွတ် ခွင့်ပြုထားသူတွေ၊ ကင်းလွတ်ခွင့်ပြုဖို့ မဖြစ်မနေ လိုအပ်နေသူတွေအဖြစ် ကျိုး ကြောင်းခိုင်လုံစွာတင်ပြနိုင်သူ တွေကို စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်စေရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါ တယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က တာဝန်ရှိသူတယောက်ကတော့ စစ်မှုထမ်းရမယ့် ကင်းလွတ်ခွင့်ပြုတာတွေ၊ လျှော့ပေါ့ခွင့်ပေးတာတွေ၊ ရွှေ့ဆိုင်းပေးတာတွေအတွက် သတ်မှတ်ချက်တွေကို ထုတ်ပြန်အသိပေးထားပြီးဖြစ် တယ်လို့ ဆိုပါတယ်။ ကိုယ်နဲ့ သက်ဆိုင်ရာအလိုက်ကို လျှောက်လွှာတွေမှာဖြည့်ပြီးတော့ မြို့နယ်ကို တင်ပြလို့ရပြီး မြို့နယ်က သေချာစိစစ်ပြီးရင် ခရိုင်၊ တိုင်းနဲ့ ပြည်နယ်အဆင့်ကနေ ဗဟိုအထိတင်ပြကာ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့် စတာတွေကို စနစ်တကျနဲ့ လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မှာ စစ်ကောင်စီလက်အောက်က သာမန်ဝန်ထမ်းတွေရဲ့သားသမီးတွေအပါအဝင် အသက် ၂၄ နှစ်ကနေ ၃၃ နှစ်ကြား ပြည်သူတွေဟာ စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံနေရတာဖြစ်ပါတယ်။

အဲဒီထဲမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြုပေးနိုင်သူတွေအဖြစ် ထည့်သွင်းဖော်ပြထား တဲ့ ပညာသင်ကြားဆဲ ကျောင်းသားတွေတောင် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ရေနံချောင်းတက္ကသိုလ်က ပထမနှစ် ကျောင်းသားတစ်ယောက် စစ်မှုထမ်း အပတ်စဉ်(၂)အတွက် ခေါ်ယူခံရတာနဲ့ပတ်သက်ပြီး အတော်လေးဂယက် ရိုက်ခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်း အပတ်စဉ်(၂)အတွက် လူသစ်စုဆောင်းမှုတွေကို သင်္ကြန်ပိတ်ရက်အလွန် ဧပြီ ၁၈ ရက်ကစပြီး ရန်ကုန်တိုင်းအပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာပြုလုပ်နေ တာဖြစ်ပါတယ်။ အခုနောက်ပိုင်း စစ်မှုထမ်းစာရင်းပါသူတွေတိမ်းရှောင်မှုလုပ်လာတာကြောင့် စစ်ကောင်စီအနေနဲ့ သတ်မှတ်လူဦး ရေပြည့်မှီဖို့ အခက်ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်မှုထမ်းဥပဒေမှာဖော်ပြထားတဲ့ ဆင့်ခေါ်ရေး အဖွဲ့က ဆင့်ခေါ်စာပေးပို့ခံရသူတွေကိုသာ စစ်သင်တန်းအတွက်ခေါ်ယူရမယ်ဆိုတဲ့အချက်ကိုဆန့် ကျင်ပြီး စစ်သားသစ်စုဆောင်းမှုတွေကို စစ်ကောင်စီဘက်က လုပ်လာတာဖြစ်ပါတယ်။

တကယ်တော့ စစ်မှုထမ်း ဥပဒေအတွက် နည်းဥပဒေမထုတ်ပြန်ခင်မှာပဲ လူငယ်တွေကိုနည်းမျိုးစုံနဲ့ခေါ်ယူပြီး စစ်သားသစ်သင်တန်းတွေကို စစ်ကောင်စီက စတင်နေခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်းအတွင်း ပထမအကြိမ် စစ်သားစုဆောင်းစဉ်က မဲနှိုက်ရွေး ချယ်ပြီး လိုက်ပါသွားရသူတွေအများအပြားရှိခဲ့တာပါ။
စစ်မှုထမ်းရမယ့်စာရင်းမှာ နာမည်ပါဝင်နေသူတချို့လည်း ရှောင်တိမ်းခဲ့ရပြီး ဒုတိယအကြိမ်ခေါ်ယူချိန်မှာ အဲဒီလူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေ ပိုမိုတွေ့လာရတယ်လို့ NUG လက်အောက်ခံ နတ်မောက်မြို့နယ် မြို့သစ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ယောက် ကဆိုထားပါတယ်။

စစ်မှုထမ်းအပတ်စဉ်(၁)မတိုင်ခင်က စစ်ကောင်စီ ပြောထားချက်တွေနဲ့ လက်တွေ့သင်တန်းပြီးချိန်မှာကွဲလွဲမှုတွေ ရှိလာတာကြောင့် အပတ်စဉ်(၂)အတွက်ခေါ်ယူရာမှာ တိမ်းရှောင်မှုတွေ ပိုမိုများပြားလာခဲ့တာလည်းဖြစ်ပါတယ်။ စစ်သင်တန်းပြီးချိန်မှာ စစ်မြေပြင်ကိုချက်ချင်းမလွှတ်ဘဲ မိမိရပ်ရွာဒေသမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေ ကိုသာ ဦးဆုံးထမ်းဆောင်ရမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားခဲ့တာဖြစ်ပါ တယ်။

စစ်သင်တန်းတက်ရချိန်မှာ နိုင်ငံအနှံ့က စစ်သင်တန်းကျောင်းတွေကိုပို့ဆောင်ခံရပြီး ပြင်ပနဲ့ဆက်သွယ်ခွင့် ကို ထိန်းချုပ်ခံခဲ့ရသလို သင်တန်းပြီးချိန်မှာလည်း လူအင်အားမလုံလောက်တာကိုအကြောင်းပြပြီး အများစုဟာ စစ်မြေပြင်ကို တန်းပြီးအပို့ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် လူငယ်အများအပြားဟာ စစ်မှုထမ်း ဥပဒေကိုတိမ်းရှောင်ဖို့အတွက် နည်းလမ်းမျိုးစုံကိုသုံးလာကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း နတ်မောက် မြို့နယ်၊ မြို့သစ်မြို့အတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၅၀ ကျော်ထဲက သုံးယောက်သာ ဆင့်ခေါ်စာနဲ့ ဆင့်ခေါ်ခံရသူတွေဖြစ်ပြီး ကျန်တပ်သားသစ်တွေဟာ ကျေးလက် လယ်ယာလုပ်ငန်းခွင်မှာ အကြောင်းပြချက်မရှိ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။

သင်္ကြန်ပြီးကတည်းက နတ်မောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် က လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆယ်နဲ့ချီ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်နဲ့ ၄၈ နှစ်အထက်တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကိုတော့ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအတွင်းက ရေတာရှည်၊ ပေါင်းတည်၊ နတ်တလင်းနဲ့ သဲကုန်း တို့မှာလည်း တပ်သားသစ် စုဆောင်းမှုတွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ လုပ်နေခဲ့တာဖြစ်ပါတယ်။ ကျန် တိုင်းနဲ့ ပြည်နယ်တွေက စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေမှာဆိုရင် စစ် မှုထမ်းစာရင်းပါဝင် သူတွေ သာမဟုတ်ဘဲ တခြားလူငယ်လူရွယ်တွေကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ သိသိသာသာလျော့ကျလာတဲ့ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အတွက် စစ်မှုထမ်း ဥပဒေနဲ့ လူသစ်စုဆောင်းတာတွေအပြင် တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းတွေထဲက အသက် ၄၅ နှစ် အောက်ဝန်ထမ်းတွေကိုပါ လိုအပ်ရင် စစ်မှုထမ်းဖို့ ရွေးချယ်ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။ အဲဒီဝန်ထမ်းတွေအနေနဲ့ စစ်မှုထမ်းဆောင်မယ်ဆိုပါက လက်ရှိဝန်ထမ်းလစာအပြင် စစ်မှုထမ်းလ စာပါ ခံစားခွင့်ရ မှာဖြစ်ပါတယ်။ စစ်မှုထမ်းကာလပြီးဆုံးရင်လည်း စစ်မှုထမ်းဆောင်စဉ်ကာလအတွင်း ထူးချွန်မှု အခြေအနေပေါ် မူတည်ပြီး စစ်မှုထမ်းကြေးခံစားခွင့်တွေ ထပ်တိုးရရှိမှာဖြစ်သလို ဌာနရဲ့မူလတာဝန်တွေ ပြန် လည်ထမ်းဆောင်ရာ မှာလည်း ရာထူးတိုးခံစားခွင့်ကိုပါ ရရှိမယ်လို့ဆိုထားပါတယ်။ တာဝန်ထမ်းဆောင်တာမရှိဘဲ စစ်သင်တန်းတက် ရောက်ဖို့ငြင်းပယ်ပါက စစ်မှုထမ်းရှောင်ဝန်ထမ်းတွေကို ရာထူးကနေထုတ်ပယ်ကာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဖွင့် ပြီး ပိုင်ဆိုင်မှုကိုပါ ချိပ်ပိတ်သိမ်းဆည်းဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီအခြေ အနေကိုကြည့်ရင် တပ်အင်အားဆုံးရှုံးမှုတွေများလာတဲ့ စစ်ကောင်စီဟာ တပ်သားသစ်ရဖို့အတွက်ဆိုရင် အရပ်သား ပြည်သူတွေ ကိုသာမက သူတို့လက်အောက်က ဝန်ထမ်းသားသမီးတွေကိုပါ စတေးပစ်လိုက်ဖို့ ဝန်မလေးဘူးဆိုတာ သက်သေပြနေပါတယ်။