ကနေဒီတောင်စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြန်လည်သိမ်းပိုက်

ပုံအညွှန်း။ ​။ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းအား PDF Zoland သိမ်းပိုက်ထားစဉ်ကတွေ့ရစဉ် ဓာတ်ပုံ။ ။ PDF Zoland

ပုံအညွှန်း။ ​။ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းအား PDF Zoland သိမ်းပိုက်ထားစဉ်ကတွေ့ရစဉ် ဓာတ်ပုံ။ ။ PDF Zoland

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင် စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် တီးတိန်-ကလေးလမ်းဘေးရှိ ကနေဒီတောင် စခန်းသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့်ဝင်လာပြီး နှစ်နာရီကျော်ကြာ ခုခံပစ်ခတ်ပြီးနောက် တိမ်းရှောင်ပေးခဲ့ရသည်ဟု PDF -Zoland တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

“စကစတပ်တွေက မနက် ၃ နာရီ ၃၀ မိနစ်မှာ အင်အားလုံးအရင်းနဲ့ဝင်လာလို့ ၅ နာရီခွဲအထိ ခုခံပစ်ခတ် ကြပါတယ်။ စကစဘက်က အကျအဆုံးရှိတယ်။ Zoland ဘက်က အကျအဆုံးအထိအခိုက်မရှိဘဲ တိမ်း ရှောင်ပေးလိုက်တယ်” ဟု PDF -Zoland တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် တီးတိန်မြို့ပေါ်မှ ခြေလျင်စစ်ကြောင်းဖြင့် တီးတိန်-ကလေးလမ်းပိုင်းရှိ ကနေဒီတောင်စခန်းဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တဆက်ထဲတွင် တည်ရှိသော သိုင်ငင်းစခန်းကိုလည်း ပြန်လည်ထိုးစစ်ဆင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သူများ ကပြောသည်။

ကလေး-တီးတိန်လမ်းဘေး ကနေဒီတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF- Zoland မှ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကာ ဗိုလ်မှူးတဦး အပါအဝင် ၁၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တီးတိန်-ကလေးလမ်းအတိုင်း ကလေးမြို့မှ ကားသုံးစီးဖြင့်တက်လာ သောစစ်ကောင်စီတပ်များ သိုင်းငင်းရွာသို့ မရောက်သေးကြောင်း People Defence Army ( PDA) တာဝန် ရှိသူထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ကလေးမြို့မှ သုံးမိုင်ခန့်အကွာ မွာလ်ပီးရွာအရောက်တွင် တောလမ်းမှ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး ချင်းကာကွယ်ရေးတပ်များသိမ်းပိုက်ထားသော သိုင်းငင်း စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာနိုင်ကြောင်း ၎င်းတာဝန်ရှိသူက မဇ္စျိမကို ပြော သည်။

စာတည်း။ ။စောဖေ