နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၇ ဖေဖော်ဝါရီ ၂၀၂၄)

ပုံဟောင်း

အမျိုးသားညီညွတ်ရေး အစိုးရ

· အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် မြေပြင် တော်လှန်ရေး အင်အားစုများ နိုင်ငံရေးအရ ပိုမို အစေးကပ်စေရေး ကြိုးစားရန် လိုအပ်နေဟု ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလက သတိပေး ပြောဆိုလိုက်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး ကို ပြုလုပ်ခဲ့သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဖေဖော်ဝါရီ ၂၆ ရက် က ပြုလုပ်ခဲ့ကြသည်။

· ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ယနေ့ ဖေဖော်ဝါရီ လ ၂၇ ရက်အထိ ပြင်းထန်နေဆဲဖြစ်ပြီးတိုက်ပွဲများအတွင်း ကလေးမြို့နယ် စက္ကန့် ၊ ကံကြီးနှင့် ကံသာယာ ကျေးရွာများရှိ စစ်ကောင်စီအခြေစိုက် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ထားသည်။

· ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ထိုးစစ် ဆင်တိုက်ခိုက်မှုအတွင်း ဘားအံ- မြဝတီအာရှ လမ်းမကြီးနဲ့ ကော့ကရိတ်မြို့ရဲ့ ၆ဝ ရာခိုင်နှုန်းအထိထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်လိုက်သည်။

· တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ကဲ့သို့ တော်လှန်စစ်ရေးအောင်ပွဲ ရလဒ်များကို အလားတူ နယ်မြေဒေသများ၌ တိုးချဲ့ရရှိနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးက ခွန်စိုက်အားစိုက် လုံ့လထုတ်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မန္တလေးမြို့ နန်းရှေ့နှင့် အောင်ပင်လယ်ရပ်ကွက်တို့မှ လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ က နေ့ခင်းကြောင်တောင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခေါ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

· တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ထဲတွင် ကျေးရွာ လေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် အဖွဲ့က လူထုစည်းရုံးလှုံဆော်ရေး ပြုလုပ်သည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲဘော်အချို့အား စစ်တပ်က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း ၊ကလေးတက္ကသိုလ်ဝင်းတိုက်ပွဲအတွင်း Non CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားများအပါအဝင် ၁၄၀ ကျော်အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ ကယ်ထုတ်ကာ ဘေးလွတ်ရာပို့ဆောင်ပေးထားကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှိ အချုပ်ခန်းများတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ နှင့် အခြားရာဇဝတ်မှုဖြင့် ဖမ်းဆီးထားရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ခန့်ကို မတရားသ ဖြင့် ချုပ်နှောင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာလုပ်ဆောင်နေကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရှိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နှင့် ထန်းဇင်ရွာရှိ လယ်ကွင်းများသို့ သွယ်တန်းထားသည့် မူးရေမြောင်းကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ပိတ်ဆို့ထား၍ လယ်ဧက ၁၀၀၀ ခန့် နွေစပါးစိုက်ပျိုးရန် ရေအခက်အခဲဖြစ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

· ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးအား ယမန်နေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Victory Force အဖွဲ့က အသိပေး ထုတ်ပြန်သည်။

· တနင်္သာတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားကားကို ချောဆွဲ ပြီး ရဲဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာတဲ့ယာဥ်ကို လမ်းမှနေကာ စောင့်ကြို ဖမ်းဆီး လိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ၏ လူထုစည်းရုံးလှုံဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင် ရေး လူထု စည်းရုံးရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း (၃၆၀၁ PPDF) တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်လာကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

· ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ် အပိုင်းများကို AA က စတင်သိမ်းပိုက်နေပြီး အပြီးသတ် ရရှိရေး ဆက်လက် ထိုးစစ်ဆင်နေ ကြောင်း ရခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· တရားဝင် နည်းလမ်းကရရှိသည့် အမေရိကန်ဒေါ်လာများ ကို ၆ လထက်ပိုပြီး ကိုင်ဆောင်ထားလျှင် အရေးယူမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

· နှစ်သောင်းတန် ထုတ်ဝေမည့် သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုလိုက်သည်။

· အခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေကြောင်း ဗဟိုဘဏ်က ပြောသည်။

· တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ရေအားနှင့် နေရောင်ခြည်စွမ်းအင်များ ကနေ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ အကြိုလေ့လာဆန်း စစ်မှုများ လုပ်ဆောင်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် Myanmar Renewable

Energy ကုမ္ပဏီလီမိတက်တို့ MoU လက်မှတ်ရေးထိုးကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရသည်။

· ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာနများမှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ သုံးသပ်ချက်

· စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကို အကြောင်းပြကာ ဧည့်စာရင်းစစ်ပြီး လူငယ်များကို ထင်သလိုဖမ်းဆီကာ ငွေပေးနိုင်သည့် လူငယ်များကို ပြန်လွတ်ပေး၍ ငွေမပေးနိုင်သည့် လူငယ်များ အစရှာမရအောင် ပျောက်ဆုံးနေသည်ကိုလည်း တွေ့ရသည်။