စစ်ကောင်စီကိုဖြိုလှဲရန် မဟာဗျူဟာ‌မြောက်စစ်ရေးတပ်ပေါင်းစုလိုအပ်ဟု NUG ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှီးလ \ Photo - Acting President Duwa Lashi La Facebook

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှီးလ \ Photo – Acting President Duwa Lashi La Facebook

002

(မဇ္ဈိမ)။ ။စစ်အာဏာရှင်၏စစ်ရေးယန္တရားကို ဖြိုလှဲရန် တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာမြောက်စစ်ရေးတပ်ပေါင်းစုလိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ယနေ့(ဇွန် ၁၈ ရက်) ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ‌ပြောကြားသည်။

“စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့မရပေမယ့် စစ်အာဏာရှင်ရဲ့စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန်အရေးကြီးတယ်လို့ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အမိန့်ပေးကွပ်ကဲမှု၊ မဟာဗျုဟာ‌မြောက်စစ်ရေးမစ်ရှင်များ၊ လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးအစရှိသည့်လုပ်ငန်းများနှင့်ချိန်သားကိုက်လှုပ်ရှားမှုများမှာလည်း ယင်းမဟာဗျုဟာတွင်ပါ၀င်သည်ဟု ဆိုသည်။

NUG နှင့် ချိတ်ဆက်လုပ်ကိုင်နေသည့်တော်လှန်ရေးအဖွဲ့များအတွင်း စနစ်ကျသည့်တပ်ရင်း၊တပ်မများ ပေါ်ထွက်လာရန်လည်းလိုအပ်သည်ဟု ယာယီသမ္မတက ပြောကြားသည်။တိုင်းရင်းသားလက်နက်ကိုင်များနှင့် မိတ်ဖက်ဆက်ဆံရေးထက်ကျော်လွန်ပြီး မဟာမိတ်စုဖွဲ့မှုခိုင်မာအောင် တည်ဆောက်ရန်လည်း ဇွန်လ ၁၁ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် NUG ယာယီသမ္မတက ပြောကြားခဲ့သည်။မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်းရေးအတွက် NUGအနေဖြင့် နိုင်ငံရေးနည်းအရ ကြိုးစားတည်ဆောက်နေသလို စစ်ရေးနည်းအရလည်း ချိတ်ဆက်ဆောင်ရွက်နေသည်ဟု အသိပေးသည်။

NUGသည် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၊ K3Cဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။

လတ်တလောစစ်ရေးအခြေအနေနှင့်ပတ်သက်၍ NUG ယာယီသမ္မတက” လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေးအဟုန် မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေမှာတော့ သက်ဆိုင်ရာတော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေးလျာထားချက်တွေအရ အနည်းငယ်ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်” ဟု ပြောသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် နိုင်ငံတကာအထောက်အပံ့များ လုံလုံလောက်လောက်ရရှိအောင်ကြိုးစားရန်နှင့် ထောက်ပံ့ပေးဝေမှုများ ထိရောက်အောင်လုပ်ဆောင်ရန်လည်း တိုက်တွန်းသွားသည်။ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေချိန် လူထုထောက်ခံမှု ကျဆင်းမသွားရေးနှင့် ခုခံတော်လှန်စစ်အောင်နိုင်ဖို့ တခုတည်းကို အာရုံစိုက်ရမည်မဟုတ်ဘဲ လူထုနှလုံးသားကို သိမ်းကြုံးယူနိုင်ရေးအထူးဂရုစိုက်ရန်ပြောကြားသွားသည်။

” တခါတရံ စစ်ရေးအရအောင်နိုင်ဒေသတွေရှိပေမယ့် လူထုကိုဆုံးရှုံးရတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သို့သော အခြေအနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေချင်ပါတယ်”ဟု NUGယာယီသမ္မတက ပြောကြားသည်။

NUG ဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းကလည်း ၂၀၂၄ ခုနှစ်သည် အရေးကြီးပြီး နိုင်ငံရေးအရ ကြီးမားသည့်အရွေ့သို့ရောက်အောင် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။

စာတည်း – အေးချမ်း