တရုတ်က စစ်ကောင်စီ ရဲတပ်ဖွဲ့ကို ယွမ် ၅ သန်းတန်ဖိုးရှိ အကူအညီများ ပေးမည်

001

မဇ္ဈိမ။ ။ တရုတ်နိုင်ငံက စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယွမ်ငါးသန်းတန်ဖိုးရှိ အကူအညီများပေးအပ်မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယွမ်ငါးသန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးများက ဧပြီလ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်၏ ဖိတ်ကြားချက်အရ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ဧပြီလ ၂၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ မြန်မာ- တရုတ် နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ အပြန်အလှန်ရပ်တည်ရေးတို့လည်း ပါဝင်သည်။

အစည်းအဝေးတွင် တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဝမ်ရှောင်ဟုန်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သည့် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုတံဆိပ်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်ခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့က ပေကျင်းရဲတက္ကသိုလ်သို့လည်း သွားရောက်လေ့လာခဲ့ကြသည်။