စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ယနေ့(ဇွန်လ ၁၉ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ဆရာတော်သည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်သို့ သွားရောက်စဉ် ကားတံခါးမှန်မချဘဲ မောင်းနှင်မိ သောကြောင့် စစ်ကောင်စီပတ်ကင်းမှ ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသူ ၎င်း ၏တပည့်ဒါယိကာတဦးက မဇ္ဈိမကိုပြောသည်။

“ငါန်းဇွန်နယ်ကို အကြောင်းတခုကြောင့်သွားတာ စစ်ကောင်စီပတ်ကင်းနဲ့တွေ့တာမှာ ကားကို တံခါးကို မှန်မချဘဲ မောင်းလို့ဆိုပြီးပစ်တာပဲ။ အဲ့ဒီမှာ ပျံလွန်တော်မူသွားတာပါ” ဟု ဆရာတော်၏ တပည့်ဒါယိကာ က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ဆရာတော်၏ ရုပ်ကလာပ်မှာ ငါန်းဇွန်ဒေသအတွင်းရှိနေဆဲဖြစ်ပြီး သယ်ယူနိုင်ရန် ဆေးဖြင့် စီမံပြီးနောက် ပဲခူးသို့ သယ်ယူမည်ဖြစ်ကြောင်းလည်း တပည့်ဒါယိကာက ပြောသည်။

“ကျွန်တော်တို့လည်း ကိုယ့်နယ်ကို လာတဲ့အချိန်မှာဖြစ်သွားတာဆိုတော့ စိတ်မကောင်းဘူး” ဟု ငါန်းဇွန် မြို့နယ်မှ ဒေသခံတဦးကလည်းပြောသည်။
“သာ့သနာ့ မီးရှူးတန်ဆောင်ကြီးတဆူ ဘဝနတ်ကျောင်း ပြောင်းရွှေ့စံလွန်တော်မူလေပြီ”ဟုလည်း ၎င်း ၏ တပည့်သံဃာများကလည်း မျှဝေရေးသားထားကြသည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော် ၄၇ ပါးအနက် တပါးဖြစ်သည်။

စာတည်း။ ။စောဖေ