တရုတ်၏ နျူးကလီးယားလက်နက်ပိုင်ဆိုင်မှု တိုးလာခြင်းက အခြားနိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာ

The Print:-

တရုတ်၏ နျူးကလီးယားထိပ်ဖူးအရေအတွက်သည် ၄၁၀ ရှိခဲ့ရာမှ တနှစ်အတွင်း ၅၀၀ အထိ တိုးလာကြောင်း စတော့ခ်ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့(SIPRI) က ၂၀၂၄ အတွက် ထုတ်ပြန်သည့် ၎င်း၏ ၅၅ ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခ၊ လက်နက်တပ်ဆင်မှု၊ လက်နက်ထိန်းချုပ်မှုနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သုတေသနကို ဆောင်ရွက်နေသည့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် SIPRI က ၎င်း၏ အစီရင်ခံစာတွင် “တရုတ်၏ နျူးကလီးယားထိပ်ဖူးအရေအတွက်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၁၀ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၅၀၀ အထိတိုးလာကြောင်း” ဖော်ပြထားသည်။

တရုတ်သည် ယခုငြိမ်းချမ်းရေးကာလအတွင်း ဒုံးကျည်များတွင် ထိပ်ဖူးအချို့ကို ပထမဆုံး တပ်ဆင်ထားပြီးဖြစ်နိုင်ကြောင်း ထပ်မံဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ၎င်း၏ တပ်ဖွဲ့ဖွဲ့စည်းပုံအား ဆုံးဖြတ်ပုံနည်းလမ်းအပေါ် မူတည်၍ ယခုဆယ်စုနှစ်အကုန်တွင် အမေရိကန် သို့မဟုတ် ရုရှားက ပိုင်ဆိုင်ထားသည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အရေအတွက်ကို မီလာနိုင်သည်။

“တရုတ်က ၎င်းရဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်မှုကို အခြားနိုင်ငံတွေထက် ပိုမိုမြန်ဆန်စွာ တိုးချဲ့နေပေမဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံအားလုံးနီးပါးဟာ နျူးကလီးယားတပ်ဖွဲ့အင်အားကို တိုးမြှင့်မည့် အစီအစဉ်တွေ၊ ဒါမှမဟုတ် တွန်းအားပေးမှုတွေ ရှိထားပြီးသားပါ” ဟု SIPRI မှလက်ထောက်အကြီးတန်းပညာရှင် ဟန်းစ်အမ် ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။

တရုတ်၏ နျူးကလီးယားလက်နက်အရေအတွက်သည် အမေရိကန် သို့မဟုတ် ရုရှားတို့ထက် နည်းနေနိုင်သော်လည်း ၎င်း၏ အလျင်အမြန်တပ်ဆင်မှုများကြောင့် အသင့်အနေအထား လပ်နက်တပ်ဆင်မှုတွင် လာမည့်နှစ်များအတွင်း ၎င်းတို့ကို လိုက်မီလာနိုင်ကြောင်း SIPRI က ဖော်ပြခဲ့သည်။

အချိန်မရွေး အသုံးပြုနိုင်ပြီး ထိန်းချုပ်နိုင်သော နျူးကလီးယားဒုံးကျည်ပေါင်း ၂,၁၀၀ ကျော်ရှိသည်ဟု ယူဆရပြီး လက်တွေ့တွင် ၎င်းတို့အားလုံးကို အမေရိကန် သို့မဟုတ် ရုရှားက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂါဇာနှင့် ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ထိုင်ဝမ် အရေးကိစ္စများကြောင့် ကမ္ဘာတဝှမ်း တင်းမာမှုများ မြင့်တက်လာနေချိန်တွင် တရုတ်က လက်နက်တပ်ဆင်မှု တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်သည်။

တရုတ်သည် ယမန်နှစ်တွင် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး အငြင်းပွားနယ်မြေကို ကျူးကျော်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း လေ့လာသူအချို့က ယူဆထားသည်ဟု The Hill သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံအများစုသည် နျူးကလီးယားလက်နက်တည်ဆောက်မှုနှင့်အတူ ၎င်းတို့၏ လက်နက်ပိုင်ဆိုင်မှုကို တိုးချဲ့ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း SIPRI က ဖော်ပြခဲ့သည်။

အစ္စရေးသည် နျူးကလီးယားလက်နက်များပိုင်ဆိုင်ကြောင်း တရားဝင် အသိအမှတ်ပြုမထားသော်လည်း ၎င်း၏ လက်နက်များကို အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း၊ ယမန်နှစ်တွင် မြောက်ကိုရီးယား၊ ပြင်သစ်နှင့် အိန္ဒိယတို့သည်လည်း လက်နက်တပ်ဆင်မှု တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ကြောင်း SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။