တန့်ဆည်မြို့ပတ်ချာလည်တွင် ဘန်ကာပါဝင်သည့် စခန်းများဆောက်ပြီး စစ်ကောင်စီခံစစ်ပြင်

ပုံအညွှန်း -တိုက်ခိုက်ရေး ဒရုန်းကို ပြင်ဆင်နေသည့် Civil Armed Force-CAF အဖွဲ့ ဝင်များကိုတွေ့ရစဉ်

ပုံအညွှန်း -တိုက်ခိုက်ရေး ဒရုန်းကို ပြင်ဆင်နေသည့် Civil Armed Force-CAF အဖွဲ့ ဝင်များကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ)။    ။စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီက ဇွန်လအစောပိုင်းမှစတင်၍ မြို့ပတ်ချာလည်ကျေးရွာများတွင် ခံစစ်ပြင်နေပြီး ဘန်ကာပါဝင်သည့်စခန်းများ တည်ဆောက်နေကြောင်းကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

တန့်ဆည်မြို့၏အရှေ့ဘက် တန့်ဆည်-ကန့်ဘလူ လမ်းပိုင်းမှအပ်တောရွာ ၊မြို့အနောက်ဘက်ရှိရေငယ်ရွာ၊ မြို့တောင်ဘက်ရှိ ကျွဲသဲရွာ၊ မြို့မြောက်ဘက်ရှိ ဆင်းငယ်ရွာများတွင် ဘန်ကာများတည်ဆောက်နေခြင်းဟု သိရသည်။

” သူတို့(စစ်ကောင်စီတပ်)က မြို့ထဲမှာ အထိုင်ချပြီး ခံစစ်ပြင်နေတဲ့သဘောတွေ့တယ်။ မြို့ပတ်ဝန်းကျင်ကို ကာနေတယ်။ ဒေသခံတွေကတော့ ရှောင်နေကြရတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

လက်ရှိတွင် မြို့နယ်အတွင်း၌ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းအချို့ရှိနေပြီး စစ်ကြောင်းတကြောင်းသည် ဝါရငယ်နှင့်ရွာသစ်ရွာဘက်တွင်
ရောက်ရှိနေသည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။

ဇွန်လ ၁၈ ရက်နေ့က အင်္ကုက္ကားရွာမှ စစ်ကောင်စီနှင့်ပျူ‌စောထီးများတပ်စွဲထားသည့်နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက်Civil Armed Force-CAF အဖွဲ့ကသတင်းထုတ်ပြန်သည်။အင်္ကုက္ကားရွာမှ ပျူစောထီးများသည်စစ်ကောင်စီနှင့်ပူးပေါင်း၍ ဘေးပတ်ဝန်းကျင်ကျေးရွာများအားစစ်ကြောင်းထိုးနေသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဟုCAF အဖွဲ့တာဝန်ရှိသူက ပြောသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကလေးရက်ကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကသတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြို့ပေါ်ရှိဌာနဆိုင်ရာရုံးအချို့၌ အခိုင်အမာတပ်စွဲလိုက်ပြီး ခံစစ်ပြင်ထားခြင်းဟု ကာကွယ်ရေးရဲဘော်များကပြောသည်။

စာတည်း – အေးချမ်း