မဏိပူရ ထိန်းသိမ်းရေးစခန်းရှိ မြန်မာများကို လွှတ်ပေးရန် အဖွဲ့ ၄ ဖွဲ့တောင်းဆို

ပုံအညွှန်း - ၂၀၂၃ခု နိုဝင်ဘာ၁ရက်နေ့တွင် မိုးရေးမြို့၌ အဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများ ( ပုံဟောင်း)

ပုံအညွှန်း – ၂၀၂၃ခု နိုဝင်ဘာ၁ရက်နေ့တွင် မိုးရေးမြို့၌ အဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများ ( ပုံဟောင်း)

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ အင်ဖာထောင်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အရပ်ဖက်အဖွဲ့အစည်း လေးဖွဲ့က အိန္ဒိယအစိုးရကို ယမန်နေ့(ဇွန်လ ၁၉ရက်)က ထုတ်ပြန်တောင်းဆိုလိုက်သည်။

အိန္ဒိယအစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များ၏ အစာငတ်ခံဆန္ဒပြတောင်းဆိုမှုအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံအတွင်း၌ ခိုလှုံခွင့်ပေးရန်နှင့် ဒီမိုကရေစီ ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သားတို့နှင့်အတူ ရပ်တည်ပေးရန် တိုက်တွန်းတောင်းဆိုသည် ဟုဆိုသည်။

ဇွန်လ ၁၅ရက်နေ့မှ စတင်ပြီး မြန်မာစစ်ဘေးရှောင် ၂၈ဦးသည် အမြန်ဆုံးပြန်လွှတ်ပေးရန် နှင့် မြန်မာနိုင်ငံသို့ ပြန်မပို့ရန် အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

ယင်းနောက် ထောင်အာဏာပိုင်များနှင့် ဆွေးနွေးရာ အဆင်မပြေဖြစ်ပြီး အကြမ်းဖက်ဖြိုခွဲသဖြင့် အထိန်းသိမ်းခံလေးဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းနောက် ထိန်းသိမ်းခံ အမျိုးသား ၉၉ဦး အစာငတ်ခံခဲ့ကြပြီး ယင်းအထဲတွင် စစ်ဘေးရှောင် ၆၀ကျော်နှင့် ရွှေ့ပြောင်းလုပ်သား ရက်ကန်းခတ်သူ ၃၀ကျော်ပါဝင် ကြောင်းသိရသည်။

“လန်မ်ကားဖက်က ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေက စကစဘက် လွှဲပြောင်းပေးဘို့ လက်မှတ်ထိုးကြတယ် ၊သူတို့အတွက်က အန္တရာယ်မရှိဘူးလေ ၊ မိုးရေးနယ်စပ်က အဖမ်းခံရသူတွေက လက်မခံဘူး ၊ အစာငတ်ခံ ဆက်ဆန္ဒပြနေကြတယ်လို့သိရတယ်” ဟု တမူးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး က မဇ္စျိမ ကိုပြောသည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဖြင့် အဖမ်းဆီးခံထားရသူများသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့အပေါ်ချမှတ်ထားသည့် ထောင်ဒဏ် ၊ငွေဒဏ်များ ကျခံပြီးဖြစ်သဖြင့် မတရားဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသားဖမ်းဆီးခံရသူ ၂၀၉ဦး ၊ အာသံပြည်နယ်တွင် ၂၇ဦးတို့ကို ဖမ်းဆီးထောင်ချခဲ့သော အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့်အတူ စိတ်မကောင်းဖြစ်ရကြောင်း အရပ်ဖက်အဖွဲ့အစည်း လေးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိန်းသိမ်းခံထားရသူများထဲတွင် လွှတ်ပေးမည်ဟု ရူပီးငွေ ၅၀,၀၀၀ တောင်းခံမှုများ ၊ ဆေးကုသခွင့် မရရှိမှုများကြောင့် အသက်၃၂နှစ်အရွယ်အမျိုးသားတဦး ထောင်တွင်းသေဆုံးခြင်း ၊ အမျိုးသမီးခြောက်ဦး မီးဖွားခဲ့ပြီး ကလေးများကာကွယ်ဆေး ထိုးနှံခွင့်မရခြင်း၊ အစားအသောက်နှင့် သောက်သုံးရေမသန့်ခြင်းနှင့် အခြားသော အိန္ဒိယနိုင်ငံသားအကျဥ်းသားများ၏ နှိပ်စက်မှုကို ခံနေရသည်ဟုဆိုသည်။ အထိန်းသိမ်းခံထားရသူများထဲမှ မေလ ၂ရက်နေ့တွင် အမျိုးသမီးနှင့်ကလေး ၃၉ဦး ၊ ဇွန်လ ၁၁ရက်နေ့တွင် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ၃၈ဦးတို့ ပါဝင်သော ရက်ကန်းအလုပ်သမားများကို အာဏာပိုင်များက မဏိပူရပြည်နယ် မိုးရေးမြို့မှ တဆင့် မြန်မာနိုင်ငံ တမူးဘက်သို့ လွှဲပြောင်းပေးခဲ့သည်။

လက်ရှိ ထိန်းသိမ်းထားသည့် အဖမ်းဆီးခံများနှင့် ပြည်နယ်အတွင်းခိုလှုံလျက်ရှိသော မြန်မာစစ်ဘေးရှောင်း ၅,၀၀၀ ကျော်အား စစ်အုပ်စုထံ လွှဲအပ်ရန် ပြင်ဆင်မှုများရှိနေကြောင်း ကြားသိရသောကြောင့် အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်အပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယဗဟိုအစိုးရနှင့် အိမ်နီးချင်း မဏိပူရပြည်အစိုးရ၏ ဆောင်ရွက်ချက်များသည် အာဏာရှင်စနစ်ကို အားပေးနေကာ စစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းလျက်ရှိပြီး အနာဂါတ်တွင် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားများကို များစွာထိခိုက်နိုင်သည်ဟု မှတ်ယူကြောင်း ဆိုသည်။

အဆိုပါ မဏိပူရပြည်နယ်ရှိ မတရားဖမ်းဆီးထိန်းသိမ်းခံများ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုနှင့် မြန်မာပြည်သားများနှင့်အတူ ရပ်တည်ရန် အိန္ဒိယအစိုးရအပေါ် တောင်းဆိုမှုကို India For Myanmar , Blood Money Campaign , Defend Myanmar Democracy နှင့် Sitt Nyein Pan Foundation တို့က ပူးတွဲ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)