နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်ခရိုင်၊ ကာကီဆွာရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် မြန်မာနိုင်ငံသားစစ်ဘေးရှောင်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာက ဆန်အိတ်များ ပေးလှူခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီတို့အကြား တွင် စဉ်ဆက်မပြတ်သည့် ကောင်းမွန်သော ဆက်ဆံရေးရှိနေပြီး တတူတကွပူးပေါင်းဆောင်ရွက်မှု တချို့လည်းရှိသည်ဟု ယနေ့(ဇွန်လ ၂၀ရက်)တွင် NLD၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ဘက်ရွာ၊ အထိုင်ရဲစခန်းမှထွက်၍ ခရီးသွားပြည်သူများ ကို အဓမ္မပိုက်ဆံကောက်ခံနေသည့် ရဲ နှင့်ပျူ နှစ်ဦးကို သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးသေဆုံး သွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံအဖွဲ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ညအချိန် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးမှုများကြောင့် အရပ်သား ပြည်သူလူထုများ လုံခြုံရေးကင်းမဲ့လာကြောင်း ဒေသခံ များနှင့် ရခိုင်လူ့အခွင့်ရေး အဖွဲ့အစည်းများက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှ Yangon special forces အဖွဲ့သည် ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် မွေးနေ့ဆုတောင်းပြုလုပ်ခဲ့သည်။

ဟိုတယ်မဲဖောက်ကာ တော်လှန်ရေးရန်ပုံငွေ ရှာဖွေမည့် Project The Key ကမ်ပိန်း ၁၈ ရက်အတွင်း လက်မှတ်အစောင်ရေ ၃,၅၀၀ ကျော် ရောင်းချထားရကြောင်း ပရောဂျက်ဘုတ် အဖွဲ့ဝင် မဂူးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်ကို သတင်းသုံးရာကျောင်းတိုက် ပဲခူးမြို့၊ ဝင်းနိမ္မိတာရာမကျောင်းတိုက်သို့ ယနေ့ (ဇွန် ၂၀ရက်)နံနက် ၄နာရီခန့်တွင် ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ တင်းဂါတ်ဂိတ်စခန်းမှ လက်ပါးစေ ပြည်သူ့စစ် နှစ်ဦးကို ဇွန်လ ၁၉ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Young Force UG က ထုတ်ပြန်သည်။

မြန်မာ့ တော်လှန်ရေးအင်အားစုများကို အမေရိကန်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ချက်ချင်း တိုက် ရိုက် ကူညီထောက်ပံ့ပေးရန် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ SAC-M က တိုက်တွန်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ထုတ်ပြန်သည်။

စစ်ကောင်စီက မတရား စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေး အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် သည် အလုပ်မဖြစ်တော့ဘဲ ယင်းကို ကျော်လွန်၍ လမ်းမြေပုံသစ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )တပ်စခန်းရှိရာ နေရာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ် ဆောင်ခဲ့ပြီး နှစ်ရက်အတွင်း TNLA တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချင်းပြည်နယ်၊ မတူမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ၄ ခုကို CDF-Matupi တပ်မဟာ (၂) က ယနေ့ကစပြီး ရက်အကန့်အသက်မရှိပိတ်ပင်ထားလိုက်ပြီးခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွား လာသည့် လက်နက်ကိုင်တွေကိုလည်း ပစ်မိန့်ပေးထားတယ်လို့ CDF-Matupi တပ်မဟာ (၂)က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ် အထိ လိုက်လံကောက်ခံနေကြောင်း PNLA က ထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့လယ်ခေါင် မြို့မဈေးအနီး၌ရှိသည့် ကမ္ဘောဇဘဏ်သည် ဇွန်လ ၁၉ ရက်ညနေပိုင်းက ဓားပြတိုက်ခံရပြီး ၁ ဦးကို အသေဖမ်းမိကြောင်း စစ်ကောင်စီက သတင်းဖြန့်ဝေထားသည်။

ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုးရန်လျာထားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် သုံးခွမြို့နယ်တွင် ၁၅၃၆၆၇ ဧကဖြင့် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း စစ်ကောင်စီတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ရေအားလျှပ်စစ်ယူနစ် (၉၁၉) သန်း ထုတ်လုပ်နိုင်ရေးအတွက် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

PDF ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီက လိမ်လည်ထုတ်ပြန်သည်။

နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့ညနေပိုင်းက သွားရောက်ဖူးမြော်ခဲ့သည်။

ဇွန် ၂၀ ရက် သုံးသပ်ချက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကိုပစ်သတ်လိုက်သော်လည်း PDF က သတ်ဖြတ်သည်ဟု လိမ်လည် ထုတ်ပြန်သည်ကို ကြည့်ပါက မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် မလုပ်ရဲတာ ဘာမှမရှိဘူးဟုဆိုသည်အတိုင်း သံဃာကိုသတ်ဖြတ်ရဲပြီး သတ်ပြီးလျှင်လည်း ဗြောင်လိမ်ရဲသည် အကျင့်စရိုက်များကို ထင်ထင်ရှားရှားတွေ့ရသည်။