ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော သိုင်းငင်းစခန်းကို စစ်ကောင်စီတပ်ပြန်လည်သိမ်းပိုက်

တီးတိန်မြို့နယ် ကလေး-တီးတိန်-ဖလမ်းကားလမ်းပေါ်ရှိ သိုင်းငင်းရွာမြင်ကွင်း/ ဓာတ်ပုံ။ ။​CJ

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော သိုင်းငင်းစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်သွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM SIYIN)ထံက သိရသည်။

ယမန့်နေ့ ဇွန်လ ၂၀ရက် ညနေ ၅နာရီအချိန်ခန့်တွင် တီးတိန်-ကလေး /ကားလမ်းပေါ်ရှိ သိုင်းငင်းရွာ တပ်စခန်းသို့ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှတသောကြောင့် စခန်းမှ နောက်ဆုတ်ပေးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM SIYIN)တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“မနေ့က ညနေ ငါးနာရီလောက်ကနေ စဝင်လာတာပါ ။ ။ အနည်းငယ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ စကစတပ်တို့ကတော့ သေနတ်အကုန် ပစ်နေကျ တယ်။ ရွာထဲကို ဦးတည်ပစ်နေတာပါ လက်နက်ကြီး၊ ငယ်တွေနဲ့။ သူတို့စခန်းကတော့ JCB တွေနဲ့ ဖျက်ဆီးပြီးသားဆိုတော့ သူတို့ချက်ထိုင်နိုင်မယ် မထင်ဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM SIYIN)တာဝန်ရှိသူက ဆိုသည်။

သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM- Siyin) အပါအဝင် ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ ဇွန်လ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် တီးတိန်မြို့နယ်ရှိ PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင်တပ်စခန်းကိုလည်း ဇွန်လ ၁၈ရက်နေ့တွင် ပြန်လည်းသိမ်းပိုက်ထားစစ်ကြောင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇွန်လ ၂၀ရက် ညတွင် သိုင်းငင်းရွာထိပ်ရှိ ဆုတောင်းတောင်တွင် ညအိပ်ခဲ့ကြပြီး ယနေ့ ဇွန်လ ၂၁နံနက်ပိုင်းတွင် သိုင်းငင်းရွာသို့ ဆင်းလာကာ လူနေအိမ်များမွှေနှောက်လျက်ရှိကာ လက်ရှိ ထိုရွာထဲတွင်သာရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

တီးတိန်နှင့် ဖလမ်းသို့ သွားသည့် ကလေး-တီးတိန်-ဖလမ်း ကားလမ်းဆုံတွင် တည်ရှိသော သိုင်းငင်းရွာသည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျ သည့် နေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တီးတိန်-ကလေး ကားလမ်းတလျှောက် ရွာများဖြစ်သည့် ဆိုဇန်၊ အာလွယ်၊ ထန်နွဲ၊ ဇုံးနှင့် ဖူနွမ်း၊ ဆွလမ်၊ ဟိန်ဇိန်ကျေးရွာများမှ ဒေသခံများ သည် စစ်ကောင်စီတပ်များ ရွာကို စီးနင်းဝင်ရောက်မည်ကို စိုးရိမ်၍ တောတောင်များနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် တီးတိန်မြို့ပေါ်မှ ခြေလျင်စစ်ကြောင်းဖြင့် တီးတိန်-ကလေးလမ်းပိုင်းရှိ ကနေဒီတောင်တပ်စခန်း၊ သိုင်ငင်းတပ်စခန်းတို့ကို ပြန်လည်သိမ်းပိုက်သွားခြင်းဖြစ်ဟု ဒေသခံများထံမှသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး