မှော်ဘီ ဗိုလ်သင်တန်းကျောင်း အဝင်ဂိတ်များကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှု စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်မှုရှိဟု မြေအောက်ပြောက်ကျား အဖွဲ့ပြော

ဗိုလ်သင်တန်းကျောင်း​၏ အဝင်ဂိတ် (၁) ပုံ

YT

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်- ပြည် လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ၏ ဝင်ပေါက်နှစ်ခုလုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၂၀ ရက်) ည ၇ နာရီဝန်းကျင်အချိန်က ဗိုလ်သင်တန်းကျောင်း၏ အဝင်ဂိတ် (၁) နှင့် (၂) အနီးတွင် အဝေးထိန်းမိုင်း တလုံးစီတပ်ဆင်၍ မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး ဂိတ် (၂)တွင် လုံခြုံရေးတာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ခဲ့ကြောင်း Operation Flame (OF) တာဝန်ရှိသူက ပြောသည်။

” ဂိတ် ( ၂ ) နားက အစောင့်ကင်းသမား နှစ်ယောက်ထိပြီးတော့ ကင်းရုံထဲ ဆွဲ သွင်းသွားတာကိုတော့ မြေပြင်ရဲဘော်တွေ ပြန်မဆုတ်ခင် မျက်မြင် မြင်လိုက်ပါတယ် လို့ သတင်းပို့လာပါတယ်” ဟု Operation Flame (OF) တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီက မှော်ဘီတိုးဂိတ် ရန်ကုန်အတွင်းဘက် အဝင်အခြမ်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင်လည်း မှော်ဘီမြို့နယ်၌ စစ်ကောင်စီတပ်သားများ လှုပ်ရှားသွားလာမှုများနေကြောင်း သိရသည်။

ဆက်လက်၍ OF အဖွဲ့သည် ရန်ကုန်ရှိ တော်လှန်ရေး မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်၊ ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ (၁၄ )ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဝေဇယန္တာလမ်းပေါ်ရှိ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့အား အဝေးထိန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း OF က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး