သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်၊ ကနေဒီတောင်စခန်းကို ချင်းပြည်ကောင်စီထိန်းချုပ်

တီးတိန်မြို့နယ်၊ ကနေဒီတောင်တပ်စခန်းတွင် ချင်းအမျိုးသားတပ်မတော် (CNA/CNF)အလံနှင့် People Defence Army တပ်ဖွဲ့အလံ စိုက်ထူသည့်မြင်ကွင်း / ဓာတ်ပုံ။ ။ People Defence Army

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး ကနေဒီတောင် စစ်တပ်စခန်းကို ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်ထားကြောင်း People Defence Army တပ်ဖွဲ့မှ ယနေ့(ဇွန်လ ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၂၂ရက်) နံနက်ပိုင်းမှစ၍ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF/ CDM- SIYIN)၊ People Defence Army ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အဆိုပါစခန်းပြန်လည်ရရှိသည်အထိ တိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

“သိုင်းငင်းမှာတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ။ ကနေဒီတောင်စခန်းကတော့ ကျွန်တော်တို့ ချင်းလဲန်းကာကွယ်ရေး စုပေါင်းတပ်တွေက ပြန်သိမ်းလိုက်ပြီ။ သိုင်းငင်းစစ်တပ်စခန်းကို ပြန်ရတဲ့ထိ တိုက်ခိုက်မှာပါ။” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF/ CDM- SIYIN)တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ယနေ့( ဇွန်လ ၂၂ရက်)သိုင်းငင်းရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ လူနေအိမ်များအား မီးတင်ရှို့နေကြောင်း ဒေသခံများထံမှသိရသည်။

သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM- Siyin) အပါအဝင် ချင်းပြည်ကောင်စီတပ်ဖွဲ့များက ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီး ဇွန်လ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာသောကြောင့် ချင်းပြည်ကောင်စီတပ်ဝင်များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင် PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင်တပ်စခန်းကို ယခုနှစ် ဇွန်လ ၁၈ရက်နေ့တွင် စစ်ကောင်စီတပ်များမှ ပြန်လည်သိမ်းပိုက်ထားခဲ့သည်။

အဆိုပါ CC တပ်ဖွဲ့များထန်းချုပ်ထားသည့် ကနေဒီတောင်တပ်စခန်းအား ယနေ့(ဇွန်လ ၂၂ရက်)တွင် နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ပြီး ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်များဖြစ်သော ချင်းအမျိုးသားတပ်မတော်(CNA/CNF) အလံနှင့် People Defence Army( PDA)အလံတို့ကို စိုက်ထူနိုင်ခဲ့ကြောင်း PDA တပ်ဖွဲ့မှ မှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

တီးတိန်နှင့် ဖလမ်းသို့ သွားသည့် ကလေး-တီးတိန်-ဖလမ်း ကားလမ်းဆုံတွင် တည်ရှိသော သိုင်းငင်းရွာသည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် နေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တီးတိန်-ကလေး ကားလမ်းတလျှောက် ရွာများဖြစ်သည့် ဆိုဇန်၊ အာလွယ်၊ ထန်နွဲ၊ ဇုံးနှင့် ဖူနွမ်း၊ ဆွလမ်၊ ဟိန်ဇိန်ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီတပ်များ ရွာကို စီးနင်းဝင်ရောက်မည်ကို စိုးရိမ်၍ တောတောင်များနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)