နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၂ ဇွန် ၂၀၂၄)

ဝါးတန်းလမ်းရှိ ဆန်ကုန်သည်ပွဲစားများကို စစ်ကောင်စီက ဇွန် ၂၁ မှ စတင်ပြီး ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်/AFP

အမျိုးသား ညီညွတ်ရေးအစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအမှတ် (၁) စစ်ဒေသပခုက္ကူခရိုင် အမှတ် (၂) တပ်ရင်းရဲ့ အပတ်စဥ် (၁) မွမ်းမံသင်တန်းဆင်းပွဲအခန်းအနားကို ဇွန် ၂၁ရက်တွင် ကျင်းပပြုလုပ် ခဲ့ပြီး ခရိုင်ကွပ်ကဲရေးနဲ့ တပ်ရင်းမှ တာဝန်ရှိသူအသီးသီးက အမှာစကား ပြောကြားခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံရှိ တိုင်းရင်းသားအသိုက်အဝန်းများအကြား သဘောထားကွဲလွဲမှုကို ချုပ်ငြိမ်းရေး ကြိုးပမ်းအားထုတ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ် နှစ်စီးကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားအကျော်တွင် ဇွန် ၂၁ရက်၊ နံနက် ၆နာရီ၌ စောင့်ကြိုတိုက်ခိုက် ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် ၄၀ မမ ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်ကလေးတဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသော ရေစကြို-ပခုက္ကူ လမ်းပိုင်းကို PDF တပ်ဖွဲ့က လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာအထိုင်တပ်စခန်းမှ အကြမ်းဖက် စစ်သားများ ကိုယ့်စခန်းကို မီးပြန်ရှို့၍ ထီလင်းမြို့ပေါ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ၊မြွေတလိုင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ရာ နေအိမ် ငါးလုံး မီးလောင်ပျက်စီးပြီး ဆိုင်ကယ် ရှစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများ ထံက သိရသည်။
  • ဆားလင်းကြီးမြို့နယ် အရေးပေါ် စစ်ရှောင်ပြည်သူဦးရေ ၆၀၀ ကျော်အား အညာပစ်တိုင်း ထောင်လေးများ အဖွဲ့က ထမင်းနှစ်နပ် လှူဒါန်းခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲ့ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကြောင်း သိရသည်။
  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများနှင့် ရွှေဘိုမြို့နယ် သပိတ်အင်အားစု ပူးပေါင်းကာစစ်အာဏာရှင်ကျဆုံးရေး သပိတ်မှောက်ဆန္ဒပြချီတက်ခဲ့ကြကြောင်း သိရှိရသည်။
  • ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ၂၂ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကောင်စီက ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တခုအဖြစ်သာ အသုံးချခြင်းဖြစ်သည့် အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်ဟု ဒေါက်တာမီမီဝင်းဘတ် က ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီက အကျဥ်းထောင်များ၌ အကျဥ်းချခံထားရသည့် အကျဥ်းသား ၁၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပြီး၊ အကျဥ်းသား ၁၀၅ ဦးကို ပြစ်ဒဏ်ပေါ့လျောကာ သက်သာခွင့်ပြု လိုက်ကြောင်း  စာထုတ်အသိပေးလိုက်သည်။
  • ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် သဘက် ကျေးရွာ အုပ်စု နောင်စကာကျေးရွာအနီးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် ဇွန် ၂၁ရက် က တိုက်ပွဲဖြစ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က ပြောသည်။
  • ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီး ဇွန်လ ၁၉ ရက် နံနက်က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်းအပေါ် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် နှလုံးသွင်းတော်မူကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆရာဒကာဆက်ဆံရေးရှိသည့် ရွှေကျင်သာသနာပိုင် သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဘဒ္ဒန္တဉာဏိဿရက ယနေ့ နေ့လယ်ပိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ကြွရောက်စဉ် မိန့်ကြားခဲ့သည်။
  • ဆန်ဈေးနှုန်းများ ကြီးမြင့်နေသည်ဟုအကြောင်းပြချက်ဖြင့် ဆန်ကုန်သည်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမေးမြန်းနေသည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ‌ပြောသည်။
  • ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များမေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
  • ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ၊ ဆန်ခဘူရီမြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာနိုင်ငံဘက်ခြမ်းကသာမက ထိုင်းနိုင်ငံဘက်ကပါ ပိတ်ထား၍ တရား မဝင်လမ်းကြောင်းများမှ ကုန်သွယ်နေရခြင်းကြောင့် ကုန်ဈေးနှုန်းများတက်လာကြောင်း ကုန်သည်များ နှင့် ဘုရားသုံးဆူဒေသခံများထံက သိရသည်။
  • ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့် Surf မော်‌ တော်ယာဉ် ကို ပစ်ခတ်‌ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၁ ရက်တွင် ဝန်ခံ ပြောကြားသည်။မူလက PDF များပစ်ခတ်သဖြင့် ဆရာတော်ကြီး ပျံလွန်တော်မူ ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့သော်လည်း ယာဉ်ပေါ်တွင် အတူလိုက်ပါလာသည့် ကန်သုံးဆင့် ဆရာတော်ကြီး၏ မိန့်ကြားချက် ထွက်ပေါ်လာအပြီးတွင် စစ်ကောင်စီကဝန်ခံလိုက်ခြင်းဖြစ်သည်။
  • မြန်မာနိုင်ငံ ယခုနှစ် ဇန်နဝါရီလမှ စတင်၍ မေလအထိ ပြည်ပခရီးသွားဧည့်သည် ၅ သိန်း၂ သောင်း ဝင်ရောက်ခဲ့ကြောင်းအမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး၏ ထုတ်ပြန်ချက်မှ သိရသည်။

ဇွန် ၂၂ ရက် သုံးသပ်ချက်

  • စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှုကြောင့် ဈေးနှုန်းများတက်လာသည်ကို ကုန်သည်လုပ်ငန်းရှင်များမှ ဆန်ဈေးတက်အောင်လုပ်သည်ဟုဆိုကာ ကုန်သည်လုပ်ငန်းရှင်များကို ဖမ်းဆီးနေပြန်သည်။ ယင်းသို့ပြုလုပ်ခြင်းက ဈေးနှုန်းများ မကျသည့်အပြင် ပိုဆိုးလာနိုင်ဖွယ်ရှိနေသည်။