ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရမှု ယာဉ်မောင်းနှင့် ဆရာတော်​၏ အမှားဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေဖန်

ပုံအညွှန်း- စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဈာပနာ

ပုံအညွှန်း- စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဈာပနာ

YT

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးလာသည့်ကား ပစ်ခတ်ခံရမှုသည် စစ်ကောင်စီ​၏ အမှားမဟုတ်ဘဲ ဆရာတော်နှင့် ယာဥ်မောင်း၏ အမှားသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က ဝေဖန်ရေးသားသည်။

အဆိုပါ ဖြစ်ရပ်အပေါ် စစ်ကောင်စီအနေဖြင့် တောင်းပန်စရာမလိုအပ်ကြောင်းနှင့် ယဉ်မောင်းက ကားမှန်မချဘဲ အလျှင်လို မောင်းနှင်ကာ စစ်ကောင်စီကားကို ကျော်တက်၍ ဖြစ်ရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၂၁ ရက်က ရေးသားထားသည်။

” ဘာမှ တောင်းပန်စရာမလိုဘူး ။ အဇာတသတ်၊ ဒေဝဒတ်တို့နဲ့လည်းမဆိုင်ဘူး။ ခုရန်ကုန်မှာ အန်ဘူလန့်စ်(အရေးပေါ်လူနာတင်ကား ) ကားတွေ လူနာပါရင် မှန်ချပြီး ပေါ်ပီ ပေါ် မောင်းနေကြပြီ။ တစ်ဖက်ကိုလည်း အမြင်ရှင်းအောင် လုပ်ပြီးမှ ဝူးဝဲမောင်း၊ ပြောရရင် ဘုန်းကြီးဘဝဆိုတာ ဘာမှ ပြုးပြဲလုပ်စရာ လုပ်မရှိဘူး။ စာပေကိုအေးဆေးလုပ် ဆွမ်းက ပို့ဆွမ်း၊ ခံဆွမ်း သာသာယာယာ။ ခုလည်း စည်းဝေးက နောက်နေ့မှ ဆွမ်းချိန်ကလည်း ချိန်များကြီးလိုသေးပါတယ်။ ဒါကို ဒရိုင်ဘာက ပြုးပြဲဝူးဝဲ အတင်းဘေးချကျော်နေဆဲကိုက မဟုတ်တော့ဘူး။ ကာလဒေသကိုလည်း နယ်ခံဆို ပိုသိနားလည်ရမည်။ ဒါမျိုးက ဇရှိသူတွေပဲ လုပ်ကြတာ၊ ရာနှုန်းပြည့်အမှား တိုတယ်လီရောင်း (Totally Wrong) က ဒရိုင်ဘာပဲ ဒီကောင်မောင်းတာ မူမမှန်ဘူး။ ရဟန္တာကို မမြင်ရင် ခြုံလည်း မီးတိုက်တာပဲ။ ” ဟု ရေးသားထားသည်။

နယ်ခံ အနေဖြင့် ကာလဒေသ အခြေအနေကို သိရှိနားလည််ရမည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် တောင်းပန်ပါက မိမိအမှား ဖြစ်သွားမည်ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ရေးသားထားသည်။

ထိုရေးသားမှုအပေါ် ဆရာတော် အရှင်ဣဿရိယ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ” စစ်အာဏာရှင်ဘက်က လူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ လူ့အဆင့်အတန်း မမှီတဲ့အတွက်ကြောင့် စစ်အာဏာရှင်ဘက်ကပဲ အသေရပ်ပြီး ကာကြမှာဖြစ်ပါတယ်။ သူတို့မှာ ပြည်သူဆိုတဲ့အမြင် လုံးဝ မရှိပါဘူး။ သူတို့ကလွဲရင် ပြည်သူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် တခြားဘာသာဝင်ဖြစ်ဖြစ် အကုန်လုံးကို ရန်သူအမြင်နဲ့ပဲ ကြည့်လို့ သူတို့ ဒီလိုစာမျိုးတွေ ရေးနေခြင်းဖြစ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ထို့ပြင် ဆရာတော် မင်းသုညက စစ်ကောင်စီအနေဖြင့် ရပ်မပေး၍ မောင်းသွားသည့် ကားကို တားဆီးလိုပါက ကားဘီးကို ပစ်ခတ်ခြင်းဖြင့် တား၍ရကြောင်းနှင့် စစ်ကောင်စီတပ်သားများကိုယ်တိုင်ကပင် ပြည်သူကို ပြည်သူဟု မမြင်ဘဲ ရန်သူဟု မြင်နေခြင်းကြောင့်သာ ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကမ္မရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်ခဲ့သည်။

လက်ရှိတွင် ဆရာတော်​၏ ရုပ်ကလာပ်ကို ပဲခူးမြို့၊ ကလျာဏီရပ်ကွက်တွင် ရှိသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ အပူဇော်ခံထားရှိမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဖုန်းမြင့်အောင်သည် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီ ကိုယ်စားပြု ပါဝင်ယှဥ်ပြိင်ခဲ့ပြီး မျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဥ်က သတင်းမီဒီယာဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် တွင် NDF ပါတီကိုယ်စားပြုကာ
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ပါဝင်ယှဥ်ပြိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး