ပုလဲတွင် စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအဖွဲ့က ဒေသခံ ၆ ဦးကိုဖမ်းဆီးပြီး နေအိမ် ၄ လုံးကို မီးရှို့

ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ

လွှမ်းမိုး


(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လုပ်သားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူပေါင်းအဖွဲ့ က ဒေသခံခြောက်ဦးကိုဖမ်းဆီးသွားပြီး နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် အင်မထီးကျေးရွာမှ ပျူစောထီး ပူးပေါင်းအဖွဲ့သည် လုပ်သားကျေးရွာသို့ဝင်ရောက်ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူခြောက်ဦးတွင် နှစ်နှစ်အရွယ် ကလေးငယ်တဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း ပုလဲ ပ.အ.ဖ တာဝန်ခံကပြောသည်။


“အင်မထီးပျူစခန်းကိုတိုက်ခိုက်ခဲ့တဲ့ဒရုန်းက လုပ်သားရွာဘက်ကလွှတ်တယ်ထင်ပြီး စစ်သားတွေနဲ့ ပျူ စောထီးပူးပေါင်းအဖွဲ့က ရွာကိုလာပြီးမီးရှို့သွားတာဖြစ်ပါတယ်။ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကိုလည်း ဖမ်းသွားတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့တာဝန်ခံ ကိုဇော်ထက်က ဆိုသည်။


လုပ်သားကျေးရွာသည် အင်မထီးပျူစောထီးရွာ၏တောင်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီ တပ်နှင့် ပျူပူးပေါင်းအဖွဲ့၏ရန်ကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဖြစ်သည်။


“အင်မထီးပျူရွာမှာရှိတဲ့ စစ်သားနဲ့ပျူတွေ ရိက္ခာပြတ်ရင် နီးစပ်ရာကျေးရွာတွေက ဆန်၊ ဆီတွေ လုယက် ခိုးယူကြတာရှိတယ်။ ရိက္ခာပြတ်တဲ့အခါ မြို့စောင့်တပ်အကူအညီနဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး လုယက် ခိုးယူကြတာ” ဟု ဒေါင်းညိုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးကလည်းပြောသည်။


ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပုလဲမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့်စစ်ကောင်စီတပ်က နီးစပ်ရာကျေးရွာ များသို့ လှည့်လည် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာငါးရွာခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စာတည်း။ ။စောဖေ